မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့် နှင့် တွေ့ဆုံခြင်း (၂)

မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့် နှင့် တွေ့ဆုံခြင်း (၂)
February 27, 2017 Asian Fame

mg

ယခင်အပတ်မှ အဆက်

ကိုယ်တွေ့သင်ယူ မကုန်ခန်းရာ ခေတ်အရွေ့ရုပ်ရှင်ပညာ

ရုပ်ရှင်သည် အဓိက ပညာရပ်ကြီးတစ်ခုဖြစ်နေတယ်။ ဘယ်လိုပညာရပ်မျိုးလဲ။ Performance Art ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ်။ လူတိုင်း ခံစားတတ်တယ်။ ကောင်းတယ်၊ မကောင်းဘူး ဝေဖန်ပိုင်ခွင့် ရှိတယ်။ လွတ်လပ်တယ်။ နောက်သမာအာဇီ ဝကောင်းသောပညာရပ်ဖြစ်တယ်။ အဲဒီတော့ ဒီပညာနဲ့ ကျွန်တော်တို့က အသိ တရားတွေ၊ ပညာရပ်တွေအများကြီးကို ပေးနိုင်တယ်။ စာအုပ်တွေထက်လည်း ပိုပြီး တော့ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့က တွဲပြီးတော့ပါနေတယ်။ တခြားကော ဘာထူးခြားသေးလဲဆိုရင် ရုပ်ရှင်အနုပညာသည်တဲ့၊ နောက်ဆုံး မှပေါ်လာတဲ့ အနုပညာတစ်ရပ်ဖြစ်ပေမယ့် လို့ သူက မောင်ဦးဖြစ်နေတယ်တဲ့။ ဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင် Time & Space ကိုပြနိုင်တာ ရုပ်ရှင်ပဲရှိတယ်တဲ့။ တခြားသော အနုပညာတွေမှာ ဘယ်အနုပညာမှာမှ တစ်ကြိမ်တည်းမှာ Time & Space ကို တစ်ကြိမ်တည်းမပြနိုင်ပါဘူးတဲ့။ ကာလ၊ ဒေသကို တစ်ကြိမ်တည်းပြနိုင်ဖို့ ဆိုတာတအားခက်ခဲပါတယ်။ Performance Art တွေထဲမှာ ဝင်သမျှ Art တွေအကုန်လုံးနဲ့ပြပါ။ ရုပ်ရှင်တစ်ခုတည်းသာလျှင် Time & Space ကို တစ်ကြိမ်တည်းမှာ ပြလို့ရတယ်။

ဒီတော့ မြန်မာ့သမိုင်းနဲ့ယှဉ် ကြည့်ရင် ပျူခေတ်ကနေစပြီး ယနေ့အချိန်အထိ နှစ်ထောင်ပေါင်းများစွာကို ၂နာရီ အတောအတွင်းမှာ ခြုံငုံမိသွားအောင်၊ သဘော ပေါက်အောင်၊ မြင်မြင်ထင်ထင် အားလုံးရှိအောင်၊ အသံတွေလည်း ကြားရအောင် အားလုံးကို ပြည့်စုံအောင်လုပ်ပေးနိုင်တာ ရုပ်ရှင်ပဲရှိတယ်။ တကယ့်အဖိုးတန်တဲ့ ပညာရပ်ကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန် တော်တို့လို နှောင်းလူတွေအတွက် စေတနာ ထားတဲ့လူတွေအတွက်ကျတော့ ဒါဟာ အစဉ် အဆက်ထိန်းသိမ်းရမယ့် ပညာရပ်ကြီးတော့ ဖြစ်လာပြီ။ ဒါကြောင့်မို့ အစစအရာရာပြည့်စုံအောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ဖြည့်စွမ်းပြီး လက်လှမ်းမီသလောက် အပြည့်လုပ အားပေးတယ်။ သင်ပေး၊ အကြံÓဏ်တွေပေး တယ်။ အဲဒီလိုတွေ ကျွန်တော်လုပ်လာခဲ့တယ်။ ဒါကြောင့် စိန်ရတုသဘင်မှာလည်း ဝင်ခဲ့တယ်။ ယဉ်ကျေးမှုတက္ကသိုလ် မှာလည်းစာပြတယ်။ အဲဒီတော့ ကျွန်တော်က ဘာပြရလဲဆိုတော့ Directing နဲ့ Acting နှစ်ခု ပြရတယ်။

ပရိသတ်က ကျွန်တော့်ကို အသိအမှတ်ပြုထားတာက Actor တစ်ယောက်အနေနဲ့ တော်တော်ကို နှစ်နှစ်ခြိုက်ခြိုက် အားပေးကြတာ။ တကယ်ကျွန်တော့် ဝါသနာအစစ်က Actor လုပ်ဖို့မဟုတ်ဘူး။ ကျွန်တော်က စာရေး၊ စာဖတ်လည်း ဝါသနာပါတယ်။ စာပေနယ်က စသွားတဲ့ အစကလည်းရှိတယ်။ ၁၉၅၃ခုနှစ်ကတည်းက မြဝတီမဂ္ဂဇင်းမှာ “မင်းသျှင်နွယ်” ကလောင်အမည်နဲ့ ကဗျာ ရှည်ကြီးနဲ့ စာတွေရေးခဲ့တယ်။ အဲဒီက ဘဝ စလာတာ။ နောက်ပြီးတော့ ကျွန်တော်က ပန်းချီသမား လေ။ ပန်းချီဝါသနာပါတယ်။ ရေးတယ်၊ ဆွဲတယ်။ ပြီးတော့ ကဗျာနဲ့ပန်းချီစပ်မိ၊ ဟပ်မိနေတယ်။ ဒါဖြင့် ဘာဖြစ်လို့ ရုပ်ရှင်ကို ထပ်ဆက်ရလဲဆိုတော့ ရုပ်ရှင်မှာ ကျွန်တော်ပြောခဲ့သလို Time & Space ကို ပြနိုင်တဲ့ အနုပညာတစ်ခုအနေနဲ့ ကျယ်ပြန့်တဲ့အနုပညာကြီး၊ အထူးသဖြင့် တိုးတက်မှု နှုန်းထားမြန်တဲ့ ပညာရပ်ကြီးဖြစ်လာတယ်။ အဲဒီအတွက် ဒီပညာကြီးကတော့ဖြင့် ရာသက်ပန်အားကိုးလောက်တဲ့ ပညာ၊ လူ့သက်တမ်းရှိသလောက် ရှည်လျားနိုင်တဲ့ ပညာရပ်ကြီးပဲဆိုတာကို ကျွန်တော်စဉ်း စားမိတယ်။ ကိုယ့်ဝါသနာနဲ့လည်း ကိုက် နေတယ်။

တကယ်ကတော့ အေဝမ်းရုပ်ရှင်က သူဌေးကြီး ဦးဟံညွန့်ရဲ့ သားသမီးများ ဖြစ်ကြတဲ့ ဦးတင်နွယ်တို့ကစပြီး ဦးမောင်မောင်စိုးတို့၊ ဦးမြင့်စိုးတို့ အဆုံးထိ အားလုံးနဲ့ ကျွန်တော့်အဖေနဲ့က ခင်တယ်။ အဲဒီတော့ သူတို့အကြောင်းပါလို့ ကျွန်တော် ကလေးဘဝကတည်းကိုက ဒီဆယ်မိုင်က အေဝမ်းခြံထဲမှာ ကြီးပြင်းခဲ့ရတာ။ အပတ်တိုင်းလိုလိုသွားလည်ကြတယ်။ အေဝမ်းခြံအကြောင်း၊ အေဝမ်းက လူတွေအကြောင်း၊ အေဝမ်း ညီအစ်ကို၊ မောင်နှမတွေအကြောင်း ကျွန်တော် အများကြီး သိတယ်၊ ခင်တယ်။ အဲဒီလို အခြေခံဖြစ်လာတယ်။ ဖြစ်လာတော့ ကျွန်တော် စဉ်းစားလိုက်တဲ့အခါမှာ ရုပ်ရှင်ကို ရိုက်ကူးပြီးတော့ ပြသနိုင်ဖို့၊ ရုပ်ရှင်နဲ့ ပညာသင်ပေးနိုင်ဖို့၊ ရုပ်ရှင်နဲ့ပြပြီးတော့ ထရိန်နင်ပေးနိုင်ဖို့ ဒီဟာတွေအထိ ကျွန်တော်ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားမိလာတယ်။ ဒါဖြင့်ရင် ငါဘာလုပ်ရမလဲ၊ Feature Making ကို အားထားပြီး လုပ်ရမယ်ဆိုတာ သဘောပေါက်လာတယ်။ Feature ဆိုတာက ဇာတ်လမ်းကြီးတွေ ကျွန်တော်တို့ ရိုက်ကူးရတော့မယ်လေ။ တကယ့်ဖြစ်ရပ်မှန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဝတ္ထုဖြစ်စေ၊ ရှိတ်စပီးယားရဲ့ ပြဇာတ်ကို ပြန်ရိုက်ကူးတာ မျိုးဖြစ်စေ၊ ဒါတွေက Feature တွေချည်းပဲ။ Feature တွေမှာ ဘာလိုအပ်သလဲဆိုတော့ တကယ်ကျွန်တော်တို့ ရုပ်ရှင်ရုံကြီး တွေပေါ်မှာ တင်ပြနိုင်အောင် ဇာတ်လမ်း ဇာတ်ကွက်နဲ့ ပရိသတ်အားပေးကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ဆွဲဆောင်နိုင်တဲ့ အင်အားသည် အပြည့်အဝရှိရမယ်။

ရုပ်ရှင်ကို စရိုက်ကူးပြီဆိုကတည်းက ဒါငါကြည့်ဖို့ ရိုက်ကူးတာ မဟုတ်ဘူး။ ရုပ်ရှင်ကိုပြုစုတဲ့၊ ရိုက်ကူးတဲ့သူဟာ ဒီဇာတ်လမ်းကို သူရေးတာဆိုတာ သူသိနေ တယ်။ သူ့ခေါင်းထဲမှာ သူသိတဲ့အသိ၊ မြင်ထားတဲ့အမြင်၊ ပုံဖော်ထားတဲ့ ရုပ်လုံး တွေကို နောက်တစ်ယောက်သည် မသိပါဘူး။ ဒါဟာ စာပေကလာတာ၊ စာနဲ့ပဲ ရေးချပြလို့ရတယ်။ အခု ကျွန်တော်တို့က အရုပ်နဲ့အသံနဲ့ ပြရတော့မယ်ဆိုတဲ့ အခါ ကျတော့ ဒီဟာကို နောက်တစ်ယောက်က ပုံပေါ်ပြီး မြင်တွေ့လာအောင်၊ ခံစား တတ်လာအောင်လုပ်နိုင်ဖို့ အတော်ခဲယဉ်း တာ။ ရုပ်ရှင်၊အရုပ်ကလေးတွေ ရှင်လာ ရင်တော့ ဒါရုပ်ရှင်ဖြစ်တာပဲ။ ရုပ်ရှင် ကနဦးပေါ်ဦးစမှာ နိုင်ငံခြားက ပုဂ္ဂိုလ်တွေ၊ ဥရောပ၊ ရုရှားအပါအဝင်ပေါ့။

ဆက်လက်ဖော်ပြပါမည်

မေးမြန်းသူ- ညိုသစ်ငယ်
မှတ်တမ်း- မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*