အမှားကြာတိုင်း အမှန်ဖြစ်မှာလား

အမှားကြာတိုင်း အမှန်ဖြစ်မှာလား
February 27, 2017 Asian Fame

Capture copy

“မောင်ဘသည် စာတစ်အုပ် ကို ကျွန်ုပ်အား ပေး၏” ဟု ရေးသင့်ပါလျက် “မောင်ဘသည် စာတစ်အုပ်အား ကျွန်ုပ်ကိုပေး၏” ဟု ရေးပါမူ မှား သည်ဟု ဆိုသင့်သည်။ “မောင်ဘသည် စာတစ်အုပ်အား ကျွန်ုပ်အား ပေး သည်” ဟု ရေးပါမူကား မှားရုံသာမက (ကျွန်ုပ်အဖို့)
နားကလောလှသည်။ သို့နှင့်လည်း ‘အား’နှစ်လုံး ထပ်ရေးကြသူ အတော်များလာ၍ “အထူးသဖြင့် မြန်မာအသံသည် ကျွန်ုပ်၏နားကို ခဏခဏနှိပ်စက်တတ်လေသည်။”
(ရွှေဥဒေါင်း၏ ခွန်အားရှိသောစာမှ)

ဆရာကြီးရွှေဥဒေါင်းက ဝိဘတ် အမှားတွေနှင့် ဖတ်ရွတ်ထုတ်လွှင့်ခဲ့သော ဟိုတုန်းက မြန်မာ့အသံကို ‘အထူးသဖြင့်’ဟု ဝိသေသပြုကာ ဝေဖန်ရေး သားခဲ့ပါသည်။ ‘ခဏခဏ နှိပ်စက်တတ်သည်’ဟု ဆိုသဖြင့် ထိုအမှားများကို မှားမှန်းမသိဘဲ ရွတ်ဖတ်ထုတ်လွှင့်နေခြင်းဖြစ်မည်ဟု ယူဆရပါသည်။ လူရွှင် တော်ကြီး ဓာတ်ဆီ၊ ဓာတ်ဆံတို့ဆိုလျှင်တော့ ‘နားရာဇဝတ် သင့်လိုက်လေကွယ်’ဟု ပြောကြပေလိမ့်မည်။
‘ဓာတ်ဆီ၊ ဓာတ်ဆံ’ဟူသော အမည်နာမများကို ယခုကာလ ကလေး များဆိုလျှင်၊ ကလေးများသာမဟုတ် လူငယ်၊ လူလတ်များအထိ ‘ဓာတ်စီ၊ ဓာတ်စံ’ဟု ရေးကြလိမ့်မည်ထင်သည်။ စလုံး၊ ဆလိမ်၊ မုန့်ကြိုးလိမ်ကာ စ- ဆ မပီတော့သော (သို့မဟုတ်) မပီတာမှန်း၊ မှားနေတာမှန်း မသိကြသော ကာလ ဖြစ်ပြီး မည်သူစပြီးမှားခဲ့မှန်းလည်း သတိပြုခဲ့ကြပုံမရချေ။ ဆရာတွေ၊ ဆရာမ တွေ မသင်ခဲ့၍လား။ ရှစ်တန်း မြန်မာစာသဒ္ဒါသင်ရိုးမှာ ဃောသ၊ အဃောသ၊ ဓနိတ၊ သိထိလ။ သံပြင်း၊ သံညင်း၊ သံတင်း၊ သံပျော့ စသည်ဖြင့် ထိပ်ဆုံးမှစပါ သည်။ သုံး၊ လေး၊ ငါးမှတ်ဖိုးသာ မေးတတ်သဖြင့် ဟုတ်တိပတ်တိမသင်ဘဲ မှတ်စုကျက်ခိုင်းပြီး ကျော်လွှားသွားလျှင်တော့ဖြင့်မသိ။

“ဆိတ်မရှိနဲ့ သိုးပဲရှိ၊ စိတ်စိုး၊ ဆိုးရိမ်၊ ဗိုက်စာ..စသည်ဖြင့် သာဓက တွေပြရလျှင် အများကြီးဖြစ်သည်။ စာစီစာကုံးကဲ့သို့သော ပြဋ္ဌာန်းစာမဟုတ် သည့် စာများရေးကြလျှင် ပိုတွေ့ရတတ်ပါသည်။ ပြင်ပေးလည်း ခဏပဲရ သည်။ အမှားများနှင့် အံသေနေသော ကလေးများအတွက် နည်းလမ်း ရှာသည့်အခါ အသံမှားရာမှ စာပါလိုက်မှားနေခြင်းဟု အနီးစပ်ဆုံးတွေ့ရပါ သည်။ အသံဆိုတာ လေတစ်မျိုးဖြစ်၍ ဘယ်သူမှလည်း လေကိုသတ်ပုံ စစ် ၍မလွယ်သောအခါသည်အတိုင်းသာဆက်မှားနေကြပါတော့သည်။ အထူး သဖြင့် ရုပ်သံမီဒီယာများမှ အစီအစဉ်တင်ဆက်သူများပါသည်အတိုင်း လိုက် မှားပြောနေ၊ တင်ဆက်နေကြပါတော့သည်။ ခပ်တည်တည်ပါပဲ။ သို့သော် လည်း သူ့ဟာနှင့်သူတော့ ဟုတ်နေကြပါသည်။

တစ်ခါက ဆရာ မောင်စွမ်းရည် ကဲ့သို့သော ကဗျာကဝိ၊ စာပေပညာရှိ က ‘—-မုန်းတယ်’ အမည်ဖြင့် သတ်ပုံအမှား၊ အသံအမှားများ အကြောင်း စီးရီးလိုက်ရေးခဲ့ဖူးသည် ကို မှတ်မိနေပါသည်။ မည်သူတွေ တန်ဖိုးထားမှတ်သား နာယူခဲ့ကြပါ သနည်း။ တချို့မှာ သိပင်မသိလိုက် ဟု ထင်ပါသည်။ သဒ္ဒ- အသံ(စကား)မှ စာသို့ရောက်ရှိခဲ့လေရာ ထိုအသံမှားယွင်းမှုမှာ သဒ္ဒါကို ထိခိုက်ပါသည်။ သဒ္ဒါမှားလျှင် စာမှားပါသည်။ ‘သဒ္ဒါမတတ် စာမတတ်’ ဟု ဆိုရိုးစကားပင်ရှိခဲ့ပါသည်။ စလုံး၊ဆလိမ် အမှားထက် ပိုဆိုးပြီး လိုက်ပြင်၍ မရနိုင်တော့လောက်သော အမှားတစ်ခုရှိပါသေး သည်။ ၄င်းမှာ ‘ရှေ့၊ နောက် နှင့် အရှေ့၊ အနောက်’ အသုံးပင်ဖြစ်ပါ သည်။

ရှေ့- ရှေ့မှောက်၊ မျက်နှာချင်းဆိုင် နေရာ၊ အရပ် (Infront of…)

အရှေ့- နေထွက်ရာအရပ်မျက်နှာ(East)

နောက်- နောက်ကျော၊ ကျောဘက် နေရာ၊ အရပ် (Behind)

အနောက်- နေဝင်ရာအရပ်မျက်နှာ (West)

ဘာမှရှုပ်စရာမရှိအောင် ရှင်းနေသည်ကို လာရှုပ်ဖြစ်အောင် ရှုပ်နေသေး သည်။ အစက ကလေး တွေလောက်သာ မှားနေသည်မှတ်ခဲ့ သည်။ နောက်မှ ကလေးကြီးတွေ၊ လူငယ်ကြီးတွေ၊ လူလတ်တွေလည်း မှားနေကြသည်ကို သတိပြုမိပါသည်။ ဘယ် တုန်းလောက်က စမှားနေခဲ့ကြသနည်းဟု မှန်းဆရခက်ပါသည်။ ဗမာစစ်စစ် မဟုတ်သော တစ်စုံတစ်ယောက်မှ စတင်ကူးစက် ပြန့်ပွားမှားယွင်း ခဲ့ခြင်းသာ ဖြစ်နိုင်သည်ဟု ဆင်ခြင် မိပါသည်။ ရှေ့မှာဆိုခဲ့သလို လေ ကိုမည်သို့ သတ်ပုံစစ်ရမည်နည်း။တချို့ကလေးများဆိုလျှင် အတော်ကို သနားစရာကောင်းပါ သည်။ အရောင်တစ်မျိုးဖြစ်သည့် ‘ပန်းရောင်’ ကို ‘အပန်း’ ဟု ခေါ်နေကြ သည်။ အနီ၊ အဝါ၊ အပြာ၊ အစိမ်း ဆိုတာ တွေက ‘အ’ ပါနေတော့ ပန်းရောင်ကို အပန်းဟုခေါ် လိုက် ခြင်းဖြစ်မည်။ မြန်မာစာ၊ မြန်မာစကား၌ စကား ချောပြောမှု (ဝါစာ သိလိဋ္ဌ) သဘောအရ၊ သဒ္ဒါသဘောအရ အ-ပစ္စည်း ပေါင်းစပ်ခေါ်ဆိုရ ခြင်း ဖြစ်သည်ကို စတင်မှားယွင်းခဲ့သူ မသိခဲ့၍ဟု သာ ယူဆရပါသည်။ ခက်သည်က ထိုအမှားများက စကားအဖြစ်မှ စာအဖြစ်ပြင်မရသည့် စာမျက်နှာ ပေါ် (On Paper) သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ထိုမှတစ်ဆင့် ရုပ်သံမီဒီယာ တချို့၊ အစီအစဉ်တင်ဆက်သူ လူငယ်ကလေးများထံ ရောက်ရှိ ထုတ်လွှင့်နေကြပါပြီ။ မြန်မာစာတန်းထိုး ဇာတ်ကားများမှာတော့ စာနှင့်မှားကြသည်ပေါ့။

အမှားကြာ အမှန်ဖြစ် ဆိုစကားမှာ မှန်ပြီးရင်း မှန်နေပါပြီ။ မြန်မာ စာ၊ မြန်မာမှုဆိုင်ရာ ပညာရှိကြီးများလည်း တွေ့မြင်ကြားသိပြီး စိတ်ဝမ်း မချမ်းမသာ ရှိခဲ့ကြလိမ့်မည်ထင်ပါသည်။ ပြင်လည်း ပြင်ခိုင်းကြ၊ ထောက်ပြကြလိမ့်မည် ထင်ပါသည်။ သို့သော်လည်း ယခုထိမှားနေကြဆဲ သာ ဖြစ်ပါသည်။ အသံလွှင့်မီဒီယာ၊ ရုပ်သံမီဒီယာများတွင် ပညာရှိများ၊ ပညာရှင်များ၊ စာပေပညာရှင်များ၏ ဆွေးနွေးခန်းကဲ့သို့သော ကဏ္ဍ များ ပါဝင်နေပါပြီ။ မိမိတို့ထက် ပညာကြီးမားသူ၊ လေးစားခန့်ညား အပ်သော ဆရာကြီးများက ပြောဆိုပြုပြင်တည့်မတ်ပေးလျှင် ပိုကောင်း ပါလိမ့်မည်။ ပြင်ပေးမည့်သူက (ဥပမာအားဖြင့် “ကျွန်မအရှေ့မှာ ပြောခဲ့သလို ဒါတွေဟာ..)ဆိုပြီး နှုတ်ကျိုးအလွဲများပြောမိမည် ဆိုလျှင်ဖြင့် ကျွမ်းပစ်ရုံသာ ရှိပါတော့သည်။ကျွန်တော်ကတော့ ‘အမှားကြာ အမှန်ဖြစ်’ဆိုတာကြီးကို ဘယ် တော့မှ လက်မခံချင်ပါ။ နားကလောတတ်သော ဆရာကြီးရွှေဥ ဒေါင်းကိုသာ သတိရနေမိပါတော့သတည်။

(သူငယ်ချင်း စာရေးဆရာမ ခက်မာနှင့် ခေတ္တစကားပြောဖြစ်ခဲ့ခြင်း အမှတ်တရ)

ခင်အောင်ဝင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*