
ဟာသ သရုပ်ဆောင် ကျော်ထူးက အကယ်ဒမီ ပြေတီ ဦးကို တရားစွဲဆိုမယ်လို့ဆိုတဲ့ စာသားတစ်ခု ဖေ့စ်ဘုတ် ပေါ်မှာ ပျံ့နှံ့လာတော့ စစတွေ့ချင်းတကယ်လို့ ထင်ခဲ့ရပြီး သရုပ်ဆောင်ကျော်ထူးနဲ့ မြန်မာပေါကားများရပ်လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ ရောက်သွားလို့ မေးကြည့်တော့မှ တကယ်မဟုတ်ကြောင်းကို ရယ်ရင်း ရှင်းပြ ပါတယ်။ တကယ်တော့ အဲဒီအကြောင်းအရာဟာ ဒါရိုက်တာ မိုက်တီး ရိုက်ကူးနေတဲ့ ‘မြန်မာပေါကားတွေရပ်’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ဇာတ်ကွက် အခင်းအကျင်းတွေ သာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း သရုပ်ဆောင် ကျော်ထူးရဲ့ နာမည်အရင်းအတိုင်းသုံးထားပြီး အကယ်ဒမီ ပြေတီဦးကလည်း သူ့နာမည်အရင်းအတိုင်း အသုံးပြု ရိုက်ကူးတာဖြစ်တာကို တွေ့ခဲ့ရပါတယ်။
“ဒါရိုက်တာ ကိုမိုက်ရဲ့ ခေါင်းစဉ် အောက်ကနေသွားရ တာပေါ့။ ရုပ်ရှင်လောကမှာ လောလောဆယ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်။ ပြေတီဦးကို တရားစွဲတယ်ဆိုတာလည်း ဇာတ်လမ်းထဲမှာ ပါဝင်တဲ့သဘော ဖြစ်ပါတယ်။ ပရိသတ်က တကယ်အစစ် ကြီးလို့ ထင်သွားမှာစိုးလို့ပါ။ ဇာတ်ကားထဲမှာလည်း ပြေတီဦး က မင်းသားပဲဖြစ်တယ်။ ဒီအတိုင်း လောကထဲ ကအတိုင်းပဲ နာမည်တွေကအစ သုံးစွဲထားတာဖြစ်ပါတယ်။ ဘာကြောင့် ပြေတီဦးကို တရားစွဲရတယ်ဆိုတာကိုတော့ ဇာတ်ဝင်ခန်း ဖြစ်နေ တဲ့အတွက် ပြောပြပေးလို့တော့မရပါဘူး။ ပရိသတ် ကြိုသိသွားမှာ စိုးလို့ပါ” လို့ ဦးကျော်ထူးက ပြောပြပေးပါတယ်။ ဦးကျော်ထူးကတော့ သူဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်မှုတွေ ထဲမှာ ဒီလိုကာရိုက်တာမျိုးဟာ သူ့အတွက်ပထမဦးဆုံး ရိုက်ကူးခဲ့ရခြင်းမျိုး ဖြစ်တယ်လို့ ပြောပါ တယ်။
“ပရိသတ်တွေဆီကို မက်ဆေ့ခ်ျ တစ်ခု ထူးထူးခြားခြား လေး ရောက်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ဦးကျော်ထူးတို့လည်း ထူးထူးခြားခြား သရုပ်ဆောင်ထား ရတယ်။ ဒါရိုက်တာ မိုက်တီးပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ဇာတ်ကားနာမည်ကိုက ‘မြန်မာပေါကားေ တွရပ်’ ဆိုပြီးတော့ ပေးထားတယ်။ ဘာကြောင့် မြန်မာ ဇာတ်ကားတွေပေါရသလဲဆိုပြီးတော့ တော်တော် များများ ပြောလာကြတဲ့ အပေါ်ကို ဒါရိုက်တာ မိုက်တီး က ပညာရှိနည်းနဲ့ ဖြေရှင်းတယ်လို့ ဦးကျော်ထူးကတော့ ထင်တယ်။ ဦးကျော်ထူးအနေနဲ့လည်း ရုပ်ရှင် သမား ဖြစ်တဲ့အတွက် ‘မြန်မာပေါကားရပ်’ လို့ ပြောကြတယ် ဆိုရင် ကိုမိုက်တီးရဲ့ ကိုယ်စားပြောပါရစေ။ Made in Burma ဆိုရင် ဘယ်ဥစ္စာက ကောင်းလို့တုန်း။ မကောင်းတဲ့ အများကြီးထဲမှာမှ ရုပ်ရှင်တစ်ခုကိုပဲ လက်ညှိုးလာလာထိုးနေလို့ ပြန်လည်ရှင်းပြချင်တဲ့ အတွက် ဒီဇာတ်ကားကို ရိုက်ကူးကြတာဖြစ်တယ်” လို့ ပြောပြပေးခဲ့ပါတယ်။
ထက်လူ