အမေ

အမေ
February 3, 2017 Asian Fame
အမေ

Motherအမေဆိုတာ အခြားသူမဟုတ် ပါ။ ကျွန်တော့် မိခင်ကြီး ဒေါ်စိန်တင်ကို ပြောတာ ဖြစ်ပါတယ်။ ဆရာ သိန်းဖေမြင့်က အမေ့ကို အစော ဆုံး အမှတ်ရ မိသည်မှာ ကျွန်တော်နို့ ဖြတ်တုန်းက ဖြစ်ခဲ့တယ်လို့ ရေးခဲ့ပါ တယ်။ အဲဒါကို ကျွန်တော် အထက် တန်းကျောင်းသား ဘဝက ပင်ရင်း စကားပြေ လက်ရွေးစင် စာအုပ်မှာ ဖတ်ခဲ့ရပါတယ်။ ကျွန်တော် အမေ့ကို အစောဆုံး အမှတ်ရတာ ကတော့ မန္တလေးမြို့ ၊ မြောက်ပြင်သူ ရဲတပ် ရပ်က နှစ်ထပ် အိမ်ကလေးရဲ့ အောက် ထဲ မြေပြင်ပေါ်မှာ ဖျာခင်းပြီး ကျွန်တော့်ကို အမေက အိပ်ပျော် အောင် သိပ်နေ ပုံပါပဲ။ အချိန်က နေ့လယ်ခင်း ဖြစ်ပြီး ကျွန်တော်က အမေ သိပ်ပေမယ့် မအိပ်ဘဲ အမေ့ကို ကြည့်နေပါတယ်။ အဲဒီအချိန် အမေ က ကျွန်တော်တို့ အိမ်ကလေးရဲ့ အပြင်ဘက်မှာ ရှိတဲ့ သစ်ပင်ကြီးကို လက်ညှိုးထိုးပြီး ဟိုသစ်ပင်ပေါ်မှာ ကျီးကန်းကြီး လာနားပြီ ငါ့သားအိပ် တော့နော်လို့ ပြောတာကို မှတ်မိ နေပါတယ်။ အမေပြောတဲ့ ကျီးကန်း ကြီးဟာ တကယ်ပဲ ရောက်ရှိနေတယ် လို့ ကျွန်တော် ယုံပါတယ်။ အဲဒီ နောက် ကျွန်တော် အိပ်ပျော်သွား ပါတယ်။ ဆရာသိန်းဖေမြင့်က သူ့ရဲ့ အမေ အကြောင်း ရေးဖွဲ့ထားတဲ့ စာထဲမှာ တစ်နေ့မှာ အမေက ကျွန်တော့်ကို နှမ်းလုံး ကလေးများ ကျွေးပါသည်။ ကျွန်တော် နှမ်းလုံး ကလေး များကို စားပြီး ခဏကြာသော အခါ အမေက ကျွန်တော့်ကို ပါးစပ် ဟခိုင်းပြီး ပါးစပ်ထဲမှ နှမ်းလုံးကလေး တစ်စေ့ကို ကောက်ယူကာ ဒီမှာ ကြည့်စမ်းပါသား၊ မင်းဒီနေ့အထိ နို့ စို့တော့ မင်းသွားထဲမှာ ပိုးတွေကျနေ ပြီ။ နောက် မစို့နဲ့တော့နော်ဟု ပြောပါ သည်လို့ တွေ့ရပါတယ်။

ဆရာသိန်းဖေမြင့် ရေးသားထား ပုံက နှမ်းလုံးကလေး များဖြစ်မှန်း ကျွန်တော် သိပါသည်။ သို့ရာတွင် ကျွန်တော် နောက်ထပ် အမေ့နို့ကို မစို့တော့ပါဟု ဖော်ပြခဲ့ပါတယ်။ အမေက ကျွန်တော်တို့ ငယ်စဉ် က ကလေးဘဝ အကြောင်းတွေကို သူသတိရတဲ့ အခါ ပြန်ပြောပြလေ့ရှိ ပါတယ်။ ကျွန်တော် ငယ်စဉ်က အမေဟာ ကျွန်တော့် ကို နို့တိုက်ချော့ သိပ်ပြီး သူ့ရင်ခွင်ထဲမှာ ပိတ်ပါးစ အနှီးကလေးနဲ့ ဖုံးအုပ် ထားပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ အမေနဲ့ ရင်းနှီး ခင်မင်တဲ့ သူတွေဟာ ညည်း သားကလေး ငါတို့ကို ပြစမ်းပါအေ လို့ဆိုရင် အမေက မပြဘဲ ကျွန်တော့် ကို ပိတ်စအနှီး နဲ့ ဖုံးအုပ်ပေးထားတယ် လို့ဆိုပါတယ်။ ကျွန်တော်ငယ်စဉ်က အသား မည်းမည်းညိုညို၊ မျက် လုံး ပြူးပြူး နဲ့ အရုပ်ဆိုးလို့ အမေက ကျွန်တော့် ကို တခြားသူတွေ မမြင် ရအောင် အဲဒီလို အနှီးစနဲ့ ကွယ်ထား ပေးတာလို့ သိရပါတယ်။ ကျွန်တော့် အမေက ၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ မှာ ကွယ်လွန်ခဲ့ပါတယ်။ အမေသာ အသက် ထင်ရှား ရှိနေဦး မယ်ဆိုရင် အခု အသက် ၈ဝ တွင်း ကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အမေဟာ ကျွန်တော့် အတွက် နဲ့ ပူလောင်ခဲ့ရတယ်။ ဒုက္ခရောက် ခဲ့ရတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတာ တွေလည်း အကြိမ်ကြိမ် ပါတဲ့။ အမေဟာ ကျွန်တော် ဒုက္ခ ရောက်နေချိန်မှာ ဘုရားစင်ရှေ့မှာ ထိုင်ပြီး ကျွန်တော့်အတွက် လို့ဆိုကာ နေ့စဉ် ပုတီးစိပ် ပေးနေခဲ့ပါတယ်။ ကျွန်တော်ဟာ ဘဝမှာ ဒုက္ခတော်တော် များများ ရောက်ခဲ့ ဖူးပါ တယ်။ အဲဒီလို ဒုက္ခရောက်တိုင်း အမေက ကျွန်တော့် အတွက် ပူပင်ခဲ့၊ ကျွန်တော့်ကို စောင့် ရှောက်ခဲ့တာချည်းပါပဲ။

ကျွန်တော် ငယ်စဉ် ကလေးဘဝ က မှက္ခရု ပေါက်တယ်။ အမေတိုက် တဲ့ နို့ကို မစို့နိုင်ဘူးတဲ့။ ကျွန်တော့်လျှာ မှာ ပါးစောင်မှ မှက္ခတွေ ပေါက်နေပြီး နာလွန်းလို့ ငိုလို့ချည်းသာ နေခဲ့ တယ်လို့ အမေကဆိုပါတယ်။ အမေ ဟာ ဆိုင်းဆရာ ကတော် တစ်ယောက် ပါ။ အဖေက ဆိုင်းဆရာ ဆိုတော့ အမေဟာ အလိုလိုနေရင်း ဆိုင်းဆရာ ကတော် ဖြစ်ရတာပေါ့လေ။ အဖေ ဆိုင်းထဲ လိုက် တဲ့ နှဲဆရာ ဘကြီးလွန်း က ဆရာကတော် ကလေးမှက္ခ ပေါက်တာ မပူပါနဲ့။ ကျွန်တော့်မှာ ဆေးနည်းကောင်း ရှိပါတယ်လို့ ပြောပြီး ကျွန်တော် တို့ အိမ်နောက်ဖေး က ချောင်းရဲ့ ကမ်းစပ်မှာ မြေသား စိုစိုကိုတူးပြီး တီကောင်ကြီးတစ် ကောင်ကို နုတ်ယူလာပါတယ်။ ပြီး တော့ ဆရာ ကတော် ဆေးကတော့ ရပြီ။ ကလေး ပါးစပ်ကို ဟထားပါဆိုပြီး ကျွန်တော့် ပါးစပ်ထဲ တီကောင်ကြီး ထည့်ပေးပါတယ်။ ကျွန်တော် ခဏမျှ အငိုတိတ် သွားပြီး နှဲဆရာ ဘကြီး လွန်းက တီကောင်ကြီးကို ပြန်ဆွဲ နုတ်ယူလိုက်ပါတယ်တဲ့။ အဲဒီလို ဆောင်ရွက်ပြီး နောက်မှာ ကျွန်တော် မှက္ခရုအနာတွေဟာ တဖြည်းဖြည်းနဲ့ သက်သာ ပျောက် ကင်းသွားပါတယ် လို့ အမေက ပြောပြခဲ့ပါတယ်။ ကျွန်တော့်ကို အမေ က နောက်ထပ် ပြောဖူးပါသေးတယ်။ မင်းငယ်ငယ်က ဝက်သက်ပေါက်တာ။ မင်းပေါက်တဲ့ ဝက်သက်က ဆင်ဝက်သက်တဲ့။ ဝက် သက်တွေ က အကြီးကြီးတွေ။ မင်း ဝက်သက်ပေါက် လို့ တအားဖျား နေ မကောင်းဖြစ်နေတာ။ မသက်သာ တော့မင်းကို အမေနဲ့ အဖေ က ပွေ့ချီ ပြီး အမေက ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတယ်။ မင်းအဖေက ဘေး နားမှာ ဘတ်စ်ကားက ဆေးဆရာ အိမ်ဘက် သွားနေတုန်း မင်းက ကား ပေါ်မှာ လုံးလုံး မလှုပ်တော့ဘဲ ငြိမ် သွားတယ်။ အမေက ထိတ်ခနဲဖြစ်ပြီး ငါ့သား ကလေး တော့ သေ များသွားပြီ လားမသိဘူးလို့ အောက်မေ့ လိုက်မိ တယ်။ မင်းအဖေ ကိုလည်း အမေက မပြောရဲဘူး။ မင်းက ငြိမ်သက်လို့ အမေ့ လက်ထဲ မှာ။ အဲဒီ အချိန်မှာပဲ အဲ့ခနဲ မင်းရဲ့ အသံကလေး တစ်ချက် ထွက်လာတယ်။ အမေ့မှာ အဲဒီအဲ့ဆို တဲ့ အသံလေး ကြားလိုက်မှ စိတ်ချမ်း သာရတော့တာတဲ့။ ကျွန်တော် ငယ် စဉ်က ဆင်ဝက်သက်တွေ ပေါက်တာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး နာဖျားပုံကို အမေက ပြန်ပြောပြ ခဲ့တာပါ။

ဒါပေမဲ့ မြန်မာတိုင်းရင်း ဆေးဆရာကြီးရဲ့ ကုသပေးမှုကြောင့် ကျွန်တော် ပြန်လည် နေကောင်းပြီး ကျန်းမာလာခဲ့တယ် လို့ဆိုပါတယ်။ အဖေက သမား တော်ကြီးကို ကျေးဇူးတင်လွန်း လို့ ကျွန်တော့် အတွက် ပုဆစ်တုပ်ပြီး ထိုင်ကန် တော့ခဲ့တယ် လို့လည်း ပြောပြ ခဲ့ပါတယ်။ နောက် တစ်ခါ ကျွန်တော် မှတ်မိနေ တာက ကျွန်တော်တို့ အိမ်နောက်ဖေးမှာ ချောင်းရှိတယ်။ အဲဒီချောင်းထဲ ကျွန်တော် ရေ နစ်ခဲ့တာ။ ကျွန်တော် ရေချိုးနေရင်း နွံထဲကျသွားပြီး ရေနစ် တာပါ။ ကျွန်တော် ရေနစ်တာကို ရေနစ်တယ်လို့ မထင်ကြဘူး။ ကမ်းစပ်က တံတား ပိုင်း ကလေးပေါ်မှာ အဝတ်လျှော်သူ က လျှော်နေတယ်။ ကျွန်တော့်ကို လည်း သူတို့ မြင်နေကြတယ်။ တကယ်က အဲဒီအချိန်မှာ ကျွန်တော် ရေနစ် နေတာလေ။ သူတို့ ကကျွန်တော် ဆော့နေတာလို့ ထင်ချင်ထင်နေမှာပေါ့။ ကျွန်တော် မအော်နိုင်ဘူး။ တဖြည်းဖြည်း နဲ့ အောက် ထဲကို နစ်သွားတယ်။ အဲဒီ အချိန်နောက်ဘက်ထဲ က ကျွန်တော့် သူငယ်ချင်းမြင့်ကို ရောက်လာပြီး ကျွန် တော့်ကို ဆယ်ယူ လိုက်တာပါ။ ကျွန်တော် အဲဒီလို ရေနှစ်ကြိမ် နစ်ဖူးတယ်။ တစ်ကြိမ်က အိမ်နောက်ဖေးချောင်း ထဲမှာ နစ်တာ။ ဒါကို မြင့်ကိုက ဆယ် ယူပေး ခဲ့တယ်။ နောက်တစ် ကြိမ်က ကျွန်တော် လူပျိုပေါက် အရွယ် စကျင် တောင်ခြေက ရွာတစ်ရွာဘေးက ချောင်းမှာ နစ်တာ။ ဒါကို သူငယ်ချင်း တစ်ယောက်ကပဲ ဆယ်ယူပေးခဲ့ပါတယ်။ ဒီအကြောင်းတွေ အမေ့ကို ပြောပြ တော့အမေက ကျွန်တော့်ကို ဆူပါတယ်။ ဝမ်း နည်း ပက်လက်လည်း ပြောပါ တယ်။ နောက်ထပ် ကျွန်တော် မှတ်မိနေတာကိုလည်း ပြောချင်သေးတယ်။ ကျွန်တော် ခွေးကိုက် ခံရ တာပါ။ ကျွန်တော့်ကို ကိုက်တဲ့ခွေးက အကြီးကြီးပါ။ ကျွန်တော်က အလယ်တန်း ကျောင်းသားအရွယ်။ ကျွန်တော့်ကို ကိုက်တဲ့ ခွေးက ဝက်သား နဲ့ ဝက်ဆီဖတ်ရောင်းတဲ့ အိမ်က သေသေချာချာ မွေးထားတဲ့ ခွေးကြီး ပါ။ ကျွန်တော် အဲဒီကို ဝက်ဆီဖတ် များသွားဝယ်ရင်း အပြန် မှာ ကျွန်တော့် ခြေ သလုံးကို ဝင်ကိုက်တာ။ ခြေသလုံးအကြော တည့်တည့်ကျတော့ အိမ်ရောက် အောင် မနည်းပြန်ယူရပါတယ်။ ၃-၄ ရက်လောက် ကျွန်တော် ကောင်း ကောင်း လမ်းမလျှောက်နိုင်ဘူး။ ကျွန်တော်ခွေး ကိုက်ဒဏ်ရာကို အမေကပဲ ပြုစုကုသ ပေးခဲ့တာ။ ငါ့သား မင်းသိပ်နာ သလားတဲ့။ ကျွန်တော်မနာပါဘူး အမေလို့ဖြေ တယ်။ ဒါပေမဲ့ လမ်းဘယ်မှာ လျှောက်နိုင်လို့တုံး။

အခုတော့ နှစ်တွေ လွန်ခဲ့ပါပြီ။ ကျွန်တော်ဟာ လူငယ်ဘဝကို လွန်မြောက် လို့ အသက် ၅ဝ ကျော် လူလတ်ပိုင်းကို ရောက်လာခဲ့ပါပြီ။ အမေသာ ရှိရင်လို့ စိတ်ကူးကြည့်မိတဲ့ အချိန်တွေနဲ့၊ “သြော် … အမေ” လို့ ရေရွတ်မိတဲ့ အချိန်တွေနဲ့၊ “ငါ့အမေ”လို့ အောက်မေ့မိတဲ့ အချိန်တွေနဲ့။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*