“မေ့ဆေးသေနတ် မ၀ယ်နိုင်တဲ့ ဟတ္ထိမုဆိုး

“မေ့ဆေးသေနတ် မ၀ယ်နိုင်တဲ့ ဟတ္ထိမုဆိုး
January 13, 2017 Asian Fame
“မေ့ဆေးသေနတ် မ၀ယ်နိုင်တဲ့ ဟတ္ထိမုဆိုး

saw

ကျွန်ုပ်သည် နိုင်ငံကျော် ဟတ္ထိမုဆိုးတစ်ဦး ဖြစ်ပါသည်။ ဟတ္ထိ မုဆိုးဖြစ်သည်နှင့်အညီ ကျွန်ုပ်သည် ဆင်ဆိုးဆင်ရိုင်းများကို လိုက်လံဖမ်းဆီးနှိမ်နင်းခြင်းသည် ကျွန်ုပ်၏ အလုပ်၊ ကျွန်ုပ်၏ ဝမ်းရေးပင်ဖြစ်သည်။

ယခုခေတ်၌ ဆင်ကို “မေ့ဆေး သေနတ်” ဖြင့် ပစ်ခတ်၍ အလွယ်တကူ ဖမ်းဆီးနေကြသော်လည်း ကျွန်ုပ်မှာ အားလုံးသိကြသည့်အတိုင်း “ပညာရှိဘိုင်ကောင်” တစ်ဦးဖြစ်၍ မေ့ဆေးသေနတ်ကို မဝယ်နိုင်ချေ။ “သေနတ်ကုသိုလ်” ဆိုတာကိုလည်း လူတွေ မကြားဖူး၍မသိ။ ကျွန်ုပ်ကို သေနတ်လှူသည့် အလှူရှင်မပေါ် သေး။ ဝမ်းနည်းဖွယ်။

ဝမ်းနည်းဖွယ်ဆိုသော်လည်း ကျွန်ုပ်ဝမ်းမနည်း။ သေနတ်တစ်လက် သည် စာအုပ်တစ်အုပ်လောက် မဖြစ် မှန်း ကျွန်ုပ်သိ၏။ လူသတ် လက် နက်ထက် ပညာလက်နက်က ပို၍ အစွမ်းထက်ကြောင်း၊ ရှေးလူများ၊ ပညာရှိများ အာပေါက်အောင် ဆိုခဲ့ ကြသည်မဟုတ်လော။ ကျွန်ုပ် ဆင် ကို ပညာဖြင့်ဖမ်းသော လက်နက်မဲ့ ဆင်မုဆိုးဖြစ်ကြောင်း ပြောခဲ့ပေပြီ။ ဦးကုလားရာဇဝင်၌ “ဆင်အစီးတစ် ဆယ်ကျော်ကို အမှူးအမတ်တို့ကို စီးစေ၍ ရဲမက် ဗိုလ်ပါနှင့် ဆင်ရံမည်” ဟု ပါရှိသော်လည်း ဆင်ရံခြင်း ဟူသော ဆင်ရိုင်းဖမ်းခြင်းအမှုကို ကျွန်ုပ်အတွက်မူ ရဲမက်ဗိုလ်ပါများ တစ်ယောက်မှမလိုပေ။ ဆင်ရိုင်းတစ်ကောင်ရရှိဖို့အတွက် ဆင်ဆယ်စီး လောက် သုံးရမှာကို ကျွန်ုပ်ရှက်သည်။ ပြီးတော့ ကျွန်ုပ်သည် ဆင်နှင့် ဝမ်းဘိုင်ဝမ်း ဆွဲလိုသူဖြစ်သည်။

ဒါလောက်တင်လား။ ဟုတ်ပေါင်။ ” တလုပ်တောနှိုက် ဆင်တော်အစွယ်ကို ဆွဲကိုင်တက်စီးတော်မူ၍ သင်တွဲလွန်နှင့် ကျော့တော်မူသည်” ဆိုသော မှန်နန်းရာဇဝင်က ဆင်ကျော့ပုံကိုလည်း ကျွန်ုပ်ပျင်းလှ၏။ ကျွန်ုပ်သည် ဆိုခဲ့သည့်အတိုင်း ပညာရှိဘိုင်ကောင်ဖြစ်၍ ဆင်ကျော့ရန် ကွင်းလျှောကြိုးလွန်းလည်း ဝယ်စရာ ပိုက်ပိုက်မရှိ။ ပြီးတော့ စာထဲကလို ဆင်အစွယ်ကို ဖမ်းဆွဲ ကာ၊ ဆင်ရဲ့ကျောပေါ်ကို အလွယ် တကူ တက်ရမှာကိုလည်း ကျွန်ုပ်ပျင်းလှ၏။ ကျွန်ုပ်ပညာရှိ ဘိုင်ကောင်ဖြစ်ကြောင်းကိုလည်း ဆက်၍ြ<ွကားရဦး မည်။ ကျမ်းဟောင်းတစ်ခုကဆိုသော

” အောက်မားသွေးဆောင်၊ ကျုံးသွင်းလှောင်” ရအောင်လည်း ဆင်ရိုင်းများကို ဖြားယောင်းရန် အောင်းဆင်မ တစ်ကောင်လောက် ဝယ်ရန်ပင် ပိုက်ပိုက်မရှိ။ ဆင်ကျုံး လုပ်ရန် သစ်တပ်ဆိုတာဝေး။ ယင်း အပြင် ရှေးမင်းများလက်ထက်က ဆင်တော်များကို ကြီးကဲအုပ်ချုပ်ရသူ တတ်ပွန်ပညာ၊ ဂဇသာနှင့် လိမ္မာရင် ချိန်၊ ခုထိန်ဂရာဇ်၊ လွန်ရင်းစစ်တို့ ဘက်ထစ်သုံးစွဲ၊ ဆင်ကဲလည်းဟူ၊ ဂဇ သူကို”ဆိုသော ဆင်ကဲ အလုပ်မျိုး ကိုလည်း ကျွန်ုပ်ပျင်းသည်။မည်သို့ပင်ပျင်းသည်ဖြစ်စေ ကျွန်ုပ်သည် ဤနိုင်ငံ၏ အလွန်အ မင်း ကျော်ကြားသော ဟတ္ထိမုဆိုး တစ်ဦးဖြစ်သည်။ ဤနိုင်ငံကိုပိုင်သ အုပ်ချုပ်ရသော ရှင်ဘုရင်ကပင် ကျွန်ုပ်ကို အလေးအမြတ်ထားသည်။ ဆိုခဲ့သည့်အတိုင်း ကျွန်ုပ်သည် ရဲမက် ဗိုလ်ပါမရှိ။ ဆင်ကျော့ရန် ကွင်းလျှော ကြိုးလွန်မရှိ။ အောင်းဆင်မမရှိ။ ဆင်ကဲတို့ အတတ်ပညာလည်း မရှိ။ ဆိုခဲ့သည့်အတိုင်း ဘာမရှိ ညာမရှိ ဆိုသော်လည်း ကျွန်ုပ်တွင်စာအုပ် ကြီးတစ်အုပ်ရှိသည်။ စာအုပ်မှာ မန္တာန်ပေါင်းချုပ် စာအုပ်ကြီးဖြစ် သည်။ ကျွန်ုပ်သည် တွေ့ကြုံခဲ့သော အခက် အခဲ ပြဿနာပေါင်းများစွာကို သက်ဆိုင်ရာ မန္တာန်တစ်ပုဒ်ပုဒ်ဖြင့် မန်းမှုတ်ဖြေရှင်း အောင်မြင်ခဲ့သည် ချည်းပင်။

သို့သော် ကျွန်ုပ်သည် အသက် အရွယ်ကြီးရင့်လာသူ ဖြစ်ရကား မှတ်ဥာဏ်ကား အတော်ချာနေပြီ ဖြစ်၏။ မန္တာန်တစ်ပုဒ်ဖြင့် မှုတ်တော့ မည်ဆိုလျှင် သက်ဆိုင်ရာ မန္တာန်ကို စာအုပ်ထဲမှာ အမြန်ရှာရမြဲ။ မန္တာန် အလွယ်မတွေ့၍ အချိန်ဖင့်ကာ လစ်ပြေးရသည်များလည်း ကြုံရ တတ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏ မန္တာန်မန်းမှုတ်ခြင်းအစွမ်း ကို နေပြည်တော်အထိပင် ရောက် သွားသဖြင့် ပြည့်ရှင်မင်းကြီး ကိုယ် တော် တိုင် ကျွန်ုပ်အား တာဝန်တစ်ခု ပေးလှာသည်။ မင်းကြီး၏ အမိန့်မှာ နေပြည်တော်အစွန်တွင် သောင်း ကျန်းနေသည့် ဆင်ရိုင်းကြီးအား ဖမ်းဆီး၍ မင်းကြီးအား ဆက်သရန် အမိန့်ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်ုပ်မနေ သာတော့၍ မန္တာန်စာအုပ် ခါးထိုးပြီး ဆင်ရိုင်းကြီးရှိရာ တစ်ကိုယ်တော် ထွက်လာခဲ့တော့၏။ ဆင်ဆိုးရန်ကို ကြောက်နေကြသော ဒေသခံများ လည်း ကျွန်ုပ်ကို သူရဲကောင်းသဖွယ် ကြိုဆိုကြသည်။ ဆင်ခိုအောင်းရာ နေရာကိုလည်း လိုက်လံပြသကြ သည်။ ဆင်ဆိုးကြီးကို တွေ့ရသည်။ ကျွန်ုပ်အဖို့ ဆင်ဆိုးကြီးကို အလွယ် တကူ တွေ့လိုက်ရ၍ ချမ်းသာကိန်း မြင်ပြီဟု အားတက်မိသည်။ မကြာခင် ဖုတ်သွင်းရထားပေါ် ကျွန်ုပ်ခြေထောက်များ တင်ရတော့ မည်။ ဖုတ်သွင်းရထားပေါ် ခြေ ထောက်တင်ရမည့် နိမိတ်လားမသိ ကျွန်ုပ်၏ခြေထောက်တွေ ယားလာ သည်။ အခြေအနေပေးလျှင် ကိုယ် တိုင်ပင် မင်းဖြစ်ချင် ဖြစ်သွားနိုင် သည်ဟု ကျွန်ုပ်လျှော့လျှော့ပေါ့ပေါ့ တွေးမိနေသည်။ နောက်ဆုံးတော့ မန္တာန်နှင့်ဆင် လယ်ပြင်မှာ တွေ့ကြ ပြီ။

တောဆင်ရိုင်းကြီးသည် သူ့ကို မြင်လျက် ထွက်မပြေးသော မနုဿ မြင်သောအခါ အံ့သြပြီး တုံ့ခနဲ ရပ်သွားသည်။ ပြီးတော့ ဆင်ရိုင်းကြီး က ကျွန်ုပ်ကို အကဲခတ်လျက်ရှိသည်။ လူနဲ့တော့တူရဲ့၊ ဘယ်လို သတ္တဝါလဲ ပေါ့။ သို့သော် ဆင်၏မျက်လုံးတွင် ရန်မူလိုသော အရိပ်အငွေ့အချို့ ကျွန်ုပ်မြင်နေရသည်။ ကျွန်ုပ်ကလည်း ခါးကြားတွင် ထိုးထားသော မန္တာန် စာအုပ်ကို မထုတ်ရသေး။ ဆင်က ရှေ့တစ်လှမ်း စမ်းတိုးသည်။ ကျွန်ုပ် ခါးကြားက စာအုပ် ဆွဲထုတ်လိုက်၏။ ကျွန်ုပ် သောက်ဂရုမစိုက်။ ကျွန်ုပ်၏ မန္တာန် စာအုပ်တွင် စုတေနမင်း၏ ဟတ္ထိကန္တ မန္တာန်ပါမှန်း ဆင်ကြီး မသိ၍ ဖြစ်မည်။ သိလို့ကတော့ ဥုံတစ်လုံးထဲပင် အသံဆုံးအောင် ရွတ်လိုက်ရမည်မထင်။ ဆင်က စူးစမ်းလိုသော သဘောလားမသိ။ ရှေ့တစ်လှမ်းနှစ် လှမ်း တိုးလာသည်။ ကျွန်ုပ်နေရာ မရွေ့။ သို့သော် ခါးက စာအုပ် ဆွဲနုတ်လိုက်သည်။ ဆင်က ရှေ့တိုးလာမြဲ။ ထိုအခါ ကျွန်ုပ်က ပထမအဆင့် လှုပ်ရှားမှုအဖြစ် ဆင် ကို မန္တာန် စာအုပ် ထောင်ပြလိုက် သည်။ ဆင်က တိုးမြဲတိုးလာ။ ကျွန်ုပ် စိတ်ထဲမှာတော့ ” ဒီဆင်က ဘာဆင်လဲကွာ၊ မန္တာန် စာအုပ် ထုတ်ပြ တာတောင် ဘာစာအုပ်မှန်း မသိတဲ့ဆင်ဓ ဆင်က ရှေ့တိုးလာမြဲတိုးနေ။ ခက်ကပြီ။ ဖြစ်နဲငယ်ထွေ စစ်ကဲကို ဘုရင်ခွေသို့၊ ဆင်သေလျှင် နယ်မ နင်းနိုင်ဘု၊ ရထားပြိုင်ဆိုင်တဲ့မြင်း မှာ မြင်းခွက်ကွက်ဆုံး”ဆိုပြီး ငိုချင်းလေးနှင့်အသနားခံရအောင်က လည်း ဒီဆင်က စစ်တုရင်ခုံပေါ်က ဆင်မဟုတ်။ အပြင်ထွက် အစွယ်ကြီး နှစ်ချောင်းနဲ့ နှာမောင်းရှည်အရေထူ ခြေလေးချောင်းတိရစ္ဆာန်ကြီး။ ဆင် နှင့်ကျွန်ုပ် အကွာအဝေးက တစ်စ တစ်စ နီးလာပြီ။ ကျွန်ုပ်စာအုပ်ထဲ က ဟတ္ထိကန္တမန္တာန်အမြန်ရှာ။ မတွေ့၊ ဆင်ကနီးလာ။ စာရွက်လှန်သံ တဖျပ်ဖျပ်။ ရှာမတွေ့။ ဆင်ကနီးလာ။ အဲတွေ့လည်း စာမျက်နှာလွန်သွား၊ ဆင်ကပိုနီးလာ၊ ထပ်ရှာ၊ မတွေ့၊ တွေ့လည်းလွန်သွားပြန်။ နောက်ဆုံးတော့ ရစောမင်း၏ ဟတ္ထိကန္တမန္တာန် စာမျက်နှာကို ကျွန်ုပ် တွေ့ပြီ။ မန္တာန်စာပိုဒ် ဖတ် မယ်ကြံကာရှိသေး ကျွန်ုပ်သည် ဆင် ၏ နှာမောင်းတွင် တွန့်၍တွန့်၍၊ လိမ်၍ လိမ်၍ ကောက်၍ကောက်၍ ပျော့၍ ပျော့၍ ပါသွားတော့သည်။ဥုံသော်လည်းကောင်း၊ သြောင်း သော်လည်းကောင်း ဘာမှ “ခံ” ချိန် မရလိုက်တော့။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*