ချစ်တတ်တဲ့ နှလုံးသား

ချစ်တတ်တဲ့ နှလုံးသား
January 10, 2017 Asian Fame
ချစ်တတ်တဲ့ နှလုံးသား

soekyiphyuဘဝ အတွက် မြေး ဆိုတာ ပထမဆုံး ရပြီး “အဘွား” ဆိုတဲ့ ဘွဲ့တံဆိပ်ရခဲ့တာ ဆယ်နှစ်တောင် ရှိသွားပါပြီ။ မနေ့ ကတော့ ကျွန်မ မြေးလေးကို ကြည့် မိတယ်။ အဘွားအနား မှာလာ ရပ်တာ ကျွန်မပခုံးတောင် ကျော် နေပြီ။ ရှည်လျားလာတဲ့ အရပ်ကြီး လေ။
“သားလေး..အရပ်ဘယ်နှပေ ရှိပြီလဲ”
“လေးဆယ့်ကိုး”
“သြော်..လေးပေ ကိုးလက် မ”

မြေးတော်မောင် ဆယ်နှစ်သား သိပ်မကြာခင် လူပျိုကြီး ဖြစ်တော့မှာ ပါလား။ ကိုယ့်ကိုယ်ကိုယ်သာ အသက်တွေ ကြီးလာတာ အမှတ် တမဲ့ မသိချင်ယောင် ဆောင်ရင်း မေ့နေ မိတာပါ။ တကယ်ကျတော့ အချိန် တွေ မြန်လိုက်တာ စာဖတ်သူ။ ဒီ မြေးလေး မွေးမွေး ချင်း မွေး ခန်းထဲ က ထွက်တာနဲ့ ရိုက်လိုက်ကြတဲ့ ကင်မရာမင်းတွေ ဖျတ်ဖျတ်ကိုလက် နေတာပဲလေ။ အဲဒီတုန်း ကများ ပျော် စရာ ကောင်း လိုက်တာ။ လာ သမျှ ဧည့်သည်ကို မြေးလေးမျက်နှာ ပြရတာ အမောပါ။

ကလေးစောင့် တဲ့ ကျွန်မတို့တစ်တွေလည်း အရက် ပြန်ပုလင်း အကြီးကြီး ဝယ်ထားပြီး တစ်ချိန်လုံး ပွတ်နေကြ တာလည်း အမှတ်တရ ပါပဲ စာဖတ်သူရှင်။ ရောဂါပိုး မကူးစက်အောင် ပေါ့ရှင်။ ဒါတောင် မြေးလေးက အသားဝါ တာ ဆေးရုံမှာ ဆယ့်တစ်ရက်နေ လိုက်ရ တယ်။ မြေးရဲ့အဖေလည်း ဆေးရုံမှာ သူ့ကို အရက်ပြန်ပွတ်ခိုင်း တာကို အကျင့်ပါပြီး အိမ်ရောက် တော့ တစ်လလောက် သူ့သားနား ကိုကပ်ရင် အရက်ပြန်တွေ ပွတ်သေး  တာ တစ်လလောက် ကြာတယ်ရှင့်။ ရပါပြီဆိုမှ ရပ်သွားတာပါ။

အဲဒီလို ပိုးမွေး သလို မွေးလို့ လား မသိဘူး။ မြေးငယ်ငယ်က သိပ်ချူချာပါတယ်။ မြေးကလည်း နေမကောင်းရင် ဘဘ ဆရာဝန်ကြီး ဆီ သွားမယ် ပဲ ပူဆာတယ်။ ဆရာဝန်ကြီး ကလေး အထူးကု ပါရဂူ ဦးသိန်းအောင်က သိပ်ကို ဆေးကု တော်ပါတယ်။ ကလေးတွေကို သူ့ လက် နဲ့ ထိတာနဲ့ ရောဂါပျောက်တယ် ဆိုတာ နာမည်ကြီးပါရှင်။

တစ်ခါတလေများ မြေးလေး ခမျာ ပါရမီ ကလေးဆေးရုံမှာ တစ်လ တည်း နှစ်ခါလောက် တက်ရတယ်။ ဘာ ဖြစ်မှန်းကို မသိတာလည်း ပါပါ တယ်။ ဒရစ်တွေချိတ်၊ မြေးရဲ့ နာ့စ် ကလည်း မျက်ရည် တစမ်းစမ်း။ ကျွန်မကတော့ စိတ်ပူရ လွန်းလို့ ဆံပင်တွေ တောင် စောစောဖြူ ကုန်တယ်ပေါ့ရှင်။ သံယောဇဉ် ဆိုတာ ကောင်း တဲ့ အထဲမှာ မပါဘူးရှင့် စာဖတ်သူ။ ဘယ်သူ့ကိုပဲ ဒီသံယောဇဉ် ကတွယ် တွယ်သက်သာ လိမ့်မယ် မထင်နဲ့ရှင်။ အင်မတန်ပူတဲ့မီး ဆိုတာ အားလုံး လည်း သိကြမှာပါ။ အပူမီး ကြီးလာတဲ့ အခါမှာ ရူးတယ် ပြောချင် လည်း ပြော ကြပါစေတော့ရှင်။ ကျွန်မက လိုက်ပြီး ယတြာချေတော့တာပါ။ မြေးလေး ဆေးရုံမတက်ခင် ကျောင်း ကအပြန် ကားရပ်ပြီး အပေါ့ ဝင်စွန့် ခဲ့တဲ့ ပျဉ်းမပင်ခြေရင်းကို ကျွန်မ ရောက်အောင် သွားပါတယ်။ ပါလာ တဲ့ အမွှေးတိုင်ထုပ်တွေ၊ ဖယောင်း တိုင်ထုပ်တွေ မီးရှို့၊ မီးထွန်းပြီး ပျဉ်းမပင် မှာရှိတဲ့ အစောင့်ပုဂ္ဂိုလ် ကြီးကို တောင်းပန် ကန်တော့ ခဲ့ပါ တယ်။ မြေးလေးမသိ နားမလည် လို့ပါ ပေါ့နော် ။ နေ့ခင်း ကြောင်တောင်ကြီး လူအင်မတန် စည်ကားတဲ့နေရာ လမ်းမကြီး ဘေးက ပျဉ်းမပင်ကို ကျွန်မ တတွတ်တွတ် နဲ့ တောင်း ပန် နေတော့ တချို့ ကလည်း ပြုံးစိစိနဲ့ လှောင်ပြုံးလေးတွေ ပြုံးသွားကြ တယ်။ ကျွန်မကတော့ ဂရု မစိုက် ပေါင်။ ကိုယ့်မြေးလေး ကျန်းမာဖို့ အဓိကပါ။

နောက်ပိုင်း မြေးလေးက ကျန်းမာ လာလိုက်တာ အခု ဆယ်နှစ် ကျော်လာတော့ ဆေးရုံ ဆေးခန်း နဲ့ ဝေးလာပါပြီ။ ဆော့တာ လည်း မျောက် ရှုံးပါ။ သူ့အမေ “တစ်နေ့တာ” ရိုက်တော့ သူ့အမေမပါသလောက် ဖြစ်ပြီး မြေးက အဓိကဇာတ်ကောင် ဖြစ်သွားတဲ့ အထိ လည်း စွမ်းဆောင် နိုင် ခဲ့ပါတယ်။ အဘွားက လိုကေးရှင်း ကြည့်ပေးတယ်ပေါ့ စာဖတ်သူ။

မှတ်မှတ်ရရ သူငယ်ငယ် နှစ် နှစ်သားလောက်မှာ နီမိုငါးလေး ရုပ်ရှင် ဇာတ်ကားကို ဖွင့်ပေးပြီး ခုံ လေးနဲ့ ကြည့်ခိုင်းတယ်။ ကျွန်မနဲ့ နာ့စ်က ခပ်လှမ်းလှမ်းမှာ အလုပ်လုပ် နေချိန် မြေးလေးဆီက “ဝါး” ခနဲပီပီ သသ ငိုသံကြီး ထွက်လာပါလေရော။ ကျွန်မ တို့ မြေး နား ပြေးသွားချိန်မှာ မျက်ရည်ပေါက်ကြီးတွေနဲ့ မြေးလေး က ဝမ်းနည်း ပန်းနည်းလှမ်းပြောပါ တယ်ရှင်။

“နီမိုရေးကို ဖမ်းတွားကြပြီ ဝါး..ဝါး”
မနည်း ချော့ရပါတယ် စာဖတ် သူ။ နီမိုပြန်လာမှာလို့ ပြောပြရ တယ်။ အဲဒီလိုလည်း ဝမ်းနည်း တတ်တဲ့မြေးပါ။

ကျွန်မတို့ မိဘတွေ ဘက်က ဆင်းသက်တဲ့ မောင်နှမ တွေက အထူးသဖြင့် ကျွန်မက အဖေ၊ အမေ၊ အဘွား ဘယ်သူ ကခေါ်ခေါ် “ရှင်” လို့ ပြန်မထူး တတ်ဘူးရှင့်။ ဥပမာ- မေမေက သမီးရေ ဆိုရင် ပြန်ပြီး ကျွန်မက “မေမေ” လို့ပဲ ပြန်ထူး တတ်တယ်။ အဘွားတို့၊ အဖေတို့၊ အန်ကယ် (အမေ့ မောင်အရင်း မွေးစားသား) တို့က ခေါ်ရင်လည်း ဒီလိုပဲ ဘွားဘွား၊ ဖေဖေ၊ အန်ကယ် ဒီလိုပြန်ထူးတာပါ။ အဲဒါ ကို မြေးလေး က ထပ်တူကူး ဗီဇပါလာပါတယ်။ သူ့အမေကိုလည်း “ဗျာ”လို့ မထူးဘဲ “မေမေ” လို့ ပြန်ထူးတတ် သလို ကျွန်မတို့ကိုပါ “ဘွားဘွားကြီး” လို့ပဲ ပြန်ထူးပါတယ်။ ကျွန်မ ကတော့ နားဝင် အင်မတန် ချို ပြီး မြေးလေး အသံက သာယာသပေါ့ရှင်။ ကျွန်မ တို့ဘက် က ဘယ်သူကများ ဝင်စားပါ လိမ့်နော် စာဖတ်သူ။
‘ ‘ ‘
အခု လတ်တလောမှာ လူလေး ကလည်း ထွားလာ၊ မျက်လုံးမျက်ဖန် လေးလှလှနဲ့ လူချောလေးဖြစ်စ ပြုလာပါပြီ။ ဒါပေမဲ့ သူတို့ ဘိုကျောင်း က ရေတစ်ချိန်လုံး ကူးနေတော့ အသားလေးက မဟူရာ သွေးလေးလို ချစ်စရာလေးရှင့်။ ဘိုကျောင်းသား ပီပီရွှတ်ရှက် ဒွပ်ဒက် နဲ့ အဆင်မပြေ ရင် ဘွားအေ အတင်းကို သူ့ညီမနဲ့ တုတ် သေးတာလေ။ ဒီကလည်း နားလည် လိုက်သမျှ သူတို့စကား တစ်လုံးကို နားလည် ရင် စာစီပြီး ဘာသာပြန် လိုက်တာမှ ဟုတ်လို့၊ ချောလို့။ မရယ်နဲ့နော် စာဖတ်သူ။ အခုတော့ မြေးကို မြန်မာစာ သင်ဖို့ပဲ အာရုံ ရှိတယ်။ တော်တော်လေး တော့ ဖတ်တတ်နေပါပြီ။ တခြား ဘာသာတွေ ထက် မြန်မာစာ၊ ပထဝီ၊ သမိုင်း ဒီသုံးခုကို မြေးစိတ်ထဲမှာ အမြဲ သိနေစေ ချင်တယ်ရှင်။ ဒါမှ လည်း ကိုယ့် တိုင်းပြည်ကို ချစ်မှာပါ။ အခုတော့ နည်းနည်း သူတို့ ဘိုစိတ် လေးတွေ မသိမသာ လွဲ တာလေးတွေ ပါချင်တယ်ရှင့်။ ပါလာရင် ရယ် ချင်မိတာပါပဲ။

တစ်နေ့က သူ့အဒေါ်၊ သမီး လတ် (မြေးကခေါ်တော့ ကာကာ တဲ့) က သူတို့မောင်နှမ နှစ်ယောက်ကို ကရင်ဆိုဒါ အရည် ဖျော် တိုက် တယ်။ များသွားရင်လည်း မြေးရဲ့နာ့စ်က ဗျစ်တောက် ဗျစ်တောက်လုပ်တတ် တော့ သူ့လည်း ကြောက်ရသေး တယ်။ ဒီတော့ ဖန် ခွက်လေး တစ်ခွက်ပဲ ထည့်တိုက်တယ်။ အဲဒါ ကို မြေးက မော့မသောက်ဘဲ ဇွန်း လေးနဲ့ တစ်ဇွန်းချင်း အရသာခံ သောက်တယ်။ (သူကြိုက်လွန်းလို့ လေ) သောက်လို့လည်း ကုန်ရော ထပ်တောင်းတယ်။ သူ့အဒေါ် သမီးလတ်က ထပ်မပေးတော့ ဒီလို ပြောပါတယ် စာဖတ်သူရှင်။

“ဝမ်းနည်းပါတယ် ကာကာ ရယ်”
သမီးလတ်ကတော့ တခွီခွီ ပေါ့လေ။ သူ့ဟာက ဆောရီးလည်း မဟုတ်ဘဲ စာသံပေသံနဲ့ ပြောတော့ ရယ်ချင်တာလေ။
တစ်ခါလည်း စကားပြောတာ ထောင့်မကျိုး သလိုပြောလို့ ကျွန်မက ကြိမ်းလိုက်တယ်။
“ဘွားဘွားကြီး ရိုက်မှာနော် သားသား။ စိတ်တိုလာပြီ”
ဒီလိုကြိမ်းတော့ သားက လေအေးအေးနဲ့ အဘွားကိုပြောပါ တယ်။
“ရိုက်လေ ဘွားဘွားကြီးရဲ့။ အဲဒါ ရိုက်တာ မဟုတ်ဘူး”
“ရိုက်တာမဟုတ်တော့ ဘာလဲ ပြောပါဦး”
“အဲဒါရိုက်တာ မဟုတ်ဘူး “နှိပ်စက်” တာလို့ ခေါ်တယ်”

ကျွန်မ အတော်တွေဝေသွား တယ်။ သေချာစဉ်းစားတော့ ဒါမှန် တာပဲလေ။ ရိုက်တယ် ဆိုကတည်းက ကလေးအပေါ် အင်အားသုံးမိပြီ။ ဒီတော့ နှိပ်စက်တာပဲ ပေါ့လေ။ ကျွန်မ သဘောပေါက် သွားတယ်။ သြော်.. သူတို့ကျောင်းတွေမှာ လူသားချင်း စာနာစိတ်ကိုတော့ အပီ သင်တာပါပဲနော်။ ဒါတော့ လေးစား မိပါတယ်ရှင့်။
‘ ‘ ‘
တစ်ခုတော့ ရှိတယ်။ မြေးနဲ့ ပတ်သက်ရင် ကျွန်မမှာ မနာလိုစိတ် လေးဖြစ်မိတာ ဝန်ခံပါတယ်။ ကိုယ့် စိတ်ကို အတင်းပြင် ရပါတယ်။ မြေး က သူ့ ရဲ့နပ်စ်က သူ့တစ်သက် ဆယ် နှစ်ကျော် လာတဲ့အထိ ထိန်းတုန်း ဆိုတော့ ချစ်ရှာပါတယ်။ ကျောင်း သွားရင် ကျောပိုးအိတ် သယ်ပေး ၊ ဖိနပ်ဝတ်ပေး၊ အကုန်နက်ခ် တိုင်က အစ စည်းပေးရတယ်။ လည်တော့ လည်တယ်ဒီမြေးက ကျောင်းနား ရောက်တာနဲ့ သူ့ကျောပိုး အိတ် သူ့ ဘာသာသူ နပ်စ်ဆီက အတင်း လုလွယ်ပြီး ကျောင်းထဲ ဝင်သွားတာပဲ။ အထဲက သူတို့ကို ကျောင်းအုပ်ကြီးက မျက် လုံးဒေါက် ထောက်ကြည့်နေတာ လေ။ ကိုယ့်အား ကိုယ်ကိုးမယ်ပေါ့။

အခုနောက်ပိုင်း သူ့အမေက ထမင်းခွံ့ မကျွေးခိုင်းတော့ဘူး။ လုပ်နိုင်တာ ကိုယ့်ဘာသာ လုပ်ရမယ် အမိန့်ထုတ်တယ်။ ဒီအရွယ် ရောက် ပြီ သူ့နပ်စ်က ရေချိုးကြေးတွန်းပေးရ တုန်းပါ။ အခုတော့ သူ့အမေအမိန့် ကြောင့် သူ့ဘာသာ လုပ်ရတော့တယ်။ အမေကိုတော့ သူ့ဘဝ မှာ တအားချစ် ကြောက်ရိုသေပါ။ သူ့အမေစကား တစ်ခွန်းပဲ ထပ်ပြင်စရာ မလိုဘူး။

စကား ဆက်ရရင် ချေးကလူ သေးက လူတည်း ကမွေးတဲ့ မြေးက နပ်စ်ထက် အဘွားကို ပိုချစ်စေချင်တာလေ။ အချစ်ခံ ချင်တာပါ။ မြေး ကလည်း သူ့အပိုင်းနဲ့သူ ဆက် ဆံပါတယ်ရှင်။ အဲဒါ ခရစ္စမတ်နေ့က သူ့တီချယ်(ခွင့် ၅ ရက်ယူထား) အိမ်သွားကြတယ်။ တစ်ခါတည်း အနား က မခွာတော့ ဘူး။ ဘွားအေက ငုတ်တုတ်ပေါ့နော်။ ပလာတာနဲ့ ကြက်သားတွေ စိတ်နာနာနဲ့ ဖိစားပြီး အချိုပွဲတွေ တွယ် တာပေါ့နော် ။ မြေးက တကောက် ကောက်နဲ့ မီးဖိုချောင်ထိ  လိုက်သွားလို့ “ဟင်း” လို့ အသံ ပေးရသေးတယ်။ ဗိုက်တွေ ပြည့် ပြီးတော့ ပြန်မယ်ပြင်ကြ တော့ နပ်စ်ကို မြေးက နှုတ်ဆက်တယ်လေ။ ရှေ့ကကော့ ကော့နဲ့ သွားတဲ့ ဘွားအေကြီးက ကြားဖြစ်အောင် ကြား လိုက်မိတာပါ စာဖတ်သူ

“တီချယ် ….လပ်ဖ်ယူ”

ဒင်းကို စိတ်တိုလိုက်တာ။ ဘွားအေကိုများ ပြောပါ လား။ မပြောပေါင်။ ဟွန်း .. သူ့တီချယ်ကျတော့ “လပ်ဖ်ယူ” တဲ့။ ကားပေါ်ရောက်တော့ ဒင်းလေးကို မျက် စောင်းထိုး ပလိုက်တယ်မှတ်ကရော … သဝန်တို တတ်တယ် ကျွန်မက စာဖတ်သူရှင်။

ညက ကျွန်မပေါင်ပေါ်လာ ခေါင်းအုံး အိပ်ပြီး ခုတင်ပေါ်မှာ တီဗီလာကြည့်တယ်။ သူ့အကြိုက် ကလေး ကားကို ဖွင့်ပေးရတယ်။ အဲဒါကို ကြည့် ရင်း ပါးစပ် ဟပြီး သူ့လက်ကလေး နဲ့ ထိုးနေတယ်။ ကိုယ့်ပေါင်ပေါ်လာ အိပ်နေတဲ့မြေးကို ကျေနပ်နေတဲ့ ကျွန်မ သူ့ပါးစပ်လေးကို ဖြဲကြည့်တော့ အောက်သွားလေး တစ်ချောင်းနဲ့နေပါပြီ။ ဒါကိုသူ မနေတတ်ဖြစ်ပြီး သွားကိုလက်နဲ့ လိုက်နှဲ့ နေတာပါ။

“မြေးလေး ဘွားဘွား လုပ်ပေးမယ်” ဆိုပြီး သွား အရင်းကို အပ်ချည် သုံးထပ်ခေါက်ပြီး ရစ်ချည် လိုက်ပါ တယ်။ ပြီးမှသူ့ သွားလေးကို ကြိုးလေး ကိုင်ပြီး ကျွန်မနှဲ့ ပေးနေလိုက်ပါတယ်။ မြေးခမျာ သွားရည် တမြားမြားကို မျိုချနေရတယ်။ နည်းနည်း နာလာရင် သူက အချက်ပြ တယ်။ ဒါဆိုခဏ ရပ်ပေးရတယ်။ ပြီးရင် ဘွားအေက သွားလေးကို ဘယ်ပြန် ညာပြန်ဆက် နှဲ့ပေးလိုက်ရတယ်။ ဒါလေးများ သွားဆေးခန်းပြစရာ မလိုပေါင်။ မိဘဘိုးဘွားအစဉ် အဆက် ကိုယ်တွေကိုလည်း အဘွားတို့၊ အမေတို့ ဒီလိုပဲ လုပ်ပေးခဲ့တာပါ။

တီဗီကြည့်ရင်း သွားလေးကို နှဲ့တာ ခဏကြာတော့ မြေးသွားလေး ကျွတ်ထွက်သွားတယ်။ မနာလိုက်ဘဲ သူ့သွားလေး ကျွတ် သွားတော့ မြေးက ဝမ်းသာတာ ရယ်လေ ပြုံးလို့။ မနာအောင် လုပ်ပေးတဲ့ ဘွားအေကိုလည်း အထင် ကြီးလို့ Thank you ပြောရင်း ဇတ် ခနဲ ထပြီး အဘွားပါး ကိုနမ်းတယ်။ အဘွားကို ဖက်ထား လိုက်သေးတယ်။ အဘွားဖြစ်တဲ့ ကျွန်မမျက်နှာ ဘယ်လို ပီတိဖြာမလဲ ရိပ်မိကြ မှာပါနော် စာဖတ်သူ။

“ဒီသွားလေးကို အိမ်အပြင် အနောက် ဖေးဘက်ကို လွှင့်ပစ်လိုက် မယ်နော်မြေးလေး” မြေးလေးကို ပြော လိုက်တဲ့ ကျွန်မ အသံလေးက သကြားမစားဘဲ ချိုနေ တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် အသိဆုံးပါ စာဖတ်သူရှင့်။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*