သားဖြစ်သူ Roar Roar အပေါ် မိဘနှစ်ပါးရဲ့ ဖြစ်စေချင်မှုများ

သားဖြစ်သူ Roar Roar အပေါ် မိဘနှစ်ပါးရဲ့ ဖြစ်စေချင်မှုများ
January 3, 2017 Asian Fame
သားဖြစ်သူ Roar Roar အပေါ် မိဘနှစ်ပါးရဲ့ ဖြစ်စေချင်မှုများ

pan-pan

သားသမီးတိုင်းအပေါ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့အတူ ပေါက်မြောက် ထူးချွန်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းဆန္ဒတစ်ခုပါ။ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ မိခင်ရဲ့ ရင်တွင်းသန္ဓေတည်လာချိန်ကတည်းက စိတ်ကူးအိပ်မက်နဲ့ ရင်သွေးလေးရဲ့ဘဝကို အောင်မြင်မှုတွေနဲ့အတူ စိတ်ကူးယဉ် ကြည်နူးခဲ့ကြတာ မိဘတိုင်း ကြုံတွေ့ရတဲ့ ပီတိဖြစ်စရာတစ်ခုပါ။ မိဘတိုင်းဖြစ်ခဲ့တဲ့ စိတ်ကူး အိပ်မက်၊ ပီတိဖြစ်မှု၊ ခံစားမှုနဲ့ အတူ ရင်သွေးလေးကို မှန်းဆပျော်ရွှင်မှုတွေနဲ့ ဘဝအလှဆင်ဖို့ ကိုယ်ဝန်လွယ်စဉ် ကတည်းက ပညာဒါနပြုခဲ့ကြသူတွေကတော့ ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန် ထွာတို့ဇနီးမောင် နှံပါ။ ဆေးတက္ကသိုလ်တက်မယ့် မောင်ကောင်းပြည့်လေးကို ဆေး ကျောင်းတက်နိုင်ဖို့ ပညာဒါနပြုခဲ့ကြတဲ့ ဆုပန်ထွာတို့မိသားစုက လက်ရှိအချိန်မှာတော့ သားလေး Roar Roar လေးနဲ့ မိသားစုဘဝ သာယာပျော်ရွှင်လျက် ရှိပါတယ်။ သားလေး Roar Roar လေးအတွက် သူတို့နှစ်ဦးစလုံးက သားလေးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လိုက်လံဖြည့်ဆည်းပေးဖို့ အသင့်ပါလို့ ဆိုလာပါတယ်။

” သားလေးကို ဘာဖြစ်ရမယ်လို့တော့ တအားကြီး Pressure မပေးချင်ပါဘူး။ အစ်ကိုက စီးပွားရေးသမားတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ဆိုတော့ သူ အင်ဂျင်နီယာဖြစ်ချင်တယ်၊ ဝါသနာပါမယ်ဆို ရင်လည်း အစ်ကိုတို့က ပံ့ပိုးပေးမယ်။ ဆရာဝန်ဖြစ်ချင်တယ်၊ ဒါမှမဟုတ် သူ့အမေလို အနုပညာရှင် ဖြစ်ချင်တယ်ဆိုလည်း ပံ့ပိုးပေးသွားမှာပါ” လို့ ဖခင်ဖြစ်သူ ကိုဥက္ကာကျော်က သားဖြစ်သူအပေါ်မှာ ဖခင်တစ် ယောက်အနေနဲ့ ပံ့ပိုးပေးချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။ Roar Roar လေးရဲ့ မိခင်ဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာကလည်း သားဖြစ်သူအပေါ်မှာ ပညာရေးပိုင်း ထူးချွန်ပေါက်မြောက်စေချင်သလို အနုပညာအမွေကိုလည်း ဆက်ခံစေလိုကြောင်း ကိုလည်း ပြောပြခဲ့ရာမှာတော့ ” သားကို ပညာရေးမှာလည်း ထူးချွန်စေချင်တယ်။ စာတော့တော်စေချင်တယ်။ ကျန်တာတော့ သူ့ဝါသနာပါရာပေါ့။ ဆရာဝန်ဖြစ်ချင် လား။ အင်ဂျင်နီယာဖြစ်ချင်လား။ သူသွားချင်တဲ့ လမ်းကြောင်းလေး လျှောက်ခိုင်း မယ်ပေါ့နော်။ ပညာနဲ့ ပတ်သက်လို့ အမေရောအဖေပါ အကောင်းဆုံး ပံ့ပိုးပေးမယ်။ ပညာရေးကို အဓိကထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်။ အစ်မ အနုပညာအလုပ်လုပ်ခဲ့တာ အစ်မတို့မှာ အနုပညာမျိုးရိုး မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သရုပ်ဆောင်၊ အဆိုတော် အစ်မ ဖြစ်လာတယ်။ အရင်တုန်းက ကိုယ်အိမ်ထောင်မပြုဘဲ နေတုန်းကတော့ ကိုယ့်မှာ ဘာမျိုးဆက်မှမရှိတာ။ ကိုယ့်အမွေကိုလည်း ပေးစရာ လူ မရှိဘူးပေါ့။ အစ်မကတော့ အစ်မရဲ့ အနုပညာအမွေ သူ့ကိုပေးချင်တယ်။ သူဝါသနာ ပါရင် လုပ်စေချင်တယ်။ သရုပ်ဆောင်လုပ်ချင်လား၊ အဆိုတော်လုပ်ချင်လားပေါ့။ သူ့မှာ အနုပညာဗီဇလေးပါလာရင် အစ်မတို့နှစ်ယောက် ကြိုးစားပြီး ဖြစ်အောင် လုပ်ပေးချင်ပါတယ်” လို့ ဆုပန်ထွာက သူ့ရဲ့သားဖြစ်သူအပေါ် ဖြစ်စေချင်တဲ့ ရင်တွင်းဆန္ဒကို ဖွင့်ဟပါတယ်။ လက်ရှိ အချိန်မှာတော့ ဆုပန်ထွာတို့ မိသားစုက ပရဟိတ အလုပ်တွေ တတ်အားသမျှ လုပ်ကိုင်လျက်ရှိသလို လက်ရှိအချိန်မှာလည်း ကလေး မီးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ကို မီးဖွားပေးဖို့အတွက် တာဝန်ယူကုသိုလ်ဒါနပြုလျက်ရှိတယ်လို့ သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*