ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်နဲ့ လွှမ်းပိုင်

ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်နဲ့ လွှမ်းပိုင်
December 13, 2016 Asian Fame

hwan

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Let’s Go to China အစီအစဉ်ကို ရိုက်ကူးဖို့အတွက် လွှမ်းပိုင်ဟာ တရုတ်ပြည်မကြီးဖြစ်တဲ့ ရှန်ဟိုင်း မြို့ကြီးအပါအဝင် အခြားနာမည်ကျော်မြို့တွေကိုသွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ Let’s Go to China အစီအစဉ်ကို မသွားရောက်ခင်မှာတော့ လွှမ်းပိုင်ကိုယ်တိုင် ဇာတ်ညွှန်းရေးထားတဲ့ ကိုယ်စောင့်နတ်ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေပြီး အဲ့ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရိုက်ကူး သွားတော့မှာ ဖြစ်ပါတယ်။

” ကိုယ့်စောင့်နတ်ကို ရိုက်ကူးမယ့် ဒါရိုက်တာကတော့ ကိုဝင်းလွင်ထက်ပါ။ သရုပ်ဆောင်တွေကတော့ ကျွန်တော်ရယ်၊ မင်းသမီးကတော့ ခင်ဝင့်ဝါ၊ ပြီးတော့ အခြားသရုပ်ဆောင်သစ်တွေလည်းပါမယ်ဗျ။ ကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းတစ်ခုကို တကယ်လက်တွေ့ အကောင်အထည်ဖော်ပြီးတော့ ရုပ်ရှင်ရိုက်ကူးဖို့ ဖြစ်လာပြီဆိုတော့ တအားကို ကျေနပ်နေပါတယ်။ ရိုက်တောင်မရိုက်ရခင် ကျွန်တော် တအားကျေနပ်နေပြီဗျ။ ဘာလို့လဲဆိုရင်ဒီဟာကိုလုပ်ဖို့ ကျွန်တော့် ပရိုဂျူဆာ ကိုဘိုဆန်းကို ပြောပြတယ်။ ဒါကို ရိုက်မယ်ပေါ့။ ဒါပေမဲ့ သူမရိုက်ကူးရဲဘူး။ သူမရိုက်ရဲတာကို ကျွန်တော်ရိုက်ကူးတယ်ပေါ့လေ။ သူနဲ့ ကျွန်တော်နဲ့ ငြင်းခုံရင်းနဲ့ ရိုက်ကူးမှာပေါ့လေ။ ကျွန်တော်ကလည်းလုပ်ပြချင်တယ်။ ဒီလိုလုပ်လို့ရတယ်ဆိုတာကိုပေါ့လေ” လို့ လွှမ်းပိုင်က ဆိုပါတယ်။

လွှမ်းပိုင်က ဇာတ်ညွှန်းရေးစဉ်အခါတုန်းကလည်း ဖိအားဆိုတာမျိုး မရှိခဲ့တာကလည်း သူလုပ်ချင်တဲ့ သူချပြချင်တဲ့ အနုပညာတစ်ခုကို စိတ်ပါဝင်စားစွာနဲ့ လုပ်ခွင့် ရနေခဲ့ခြင်းကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ” တစ်ခါတလေမှာ ကိုယ်မလုပ်ချင်တဲ့ အရာဆိုရင် တော့ စိတ်ညစ်စရာဖြစ်နေမှာပေါ့။ ဒီဟာကတော့ ကျွန်တော်ကိုယ်တိုင် လိုလိုလားလားနဲ့ကို လုပ်ချင်နေခဲ့တာဖြစ်ပါတယ်။ ပျော်တယ်ဗျ။ တခြားလူကို ပေးရေးခိုင်းလိုက်မယ်ဆိုရင်တော့ နည်းနည်းလေး လိုနေသလို ဘာလိုလိုခံစားနေရနိုင်သေးတယ်။ ကိုယ့်ဘာသာရေး၊ ကိုယ့်ဘာသာ ရိုက်ဆိုတော့ ပိုပျော်ဖို့ကောင်းပါတယ်” လို့ လွှမ်းပိုင်က ပြောပြပေးခဲ့ပါတယ်။

လွှမ်းပိုင်က သူ့ရဲ့နောက်ထပ် ဒုတိယတစ်ကိုယ်တော် အခွေဖြစ်တဲ့ “ဂီတဗေဒ” ကိုတော့ ပြုလုပ်နေပြီဖြစ်တဲ့အတွက် အခုလုပ်နေတဲ့ အခွေကအထာကျတဲ့ သီချင်းတွေ ပါဝင်တာကြောင့်ရှေ့မှာထွက်ခဲ့တဲ့ “ဂီတစာဆို” ထက်ကို ပိုအားရမိနေကြောင်းလည်း ပြောပြပေးပါတယ်။

ထက်လူ
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*