
သရုပ်ဆောင် နန်းထက်ထက်ဦးက ဒါရိုက်တာ ဒိန်းဒေါင် ရိုက်ကူးတဲ့ “မယုံရင်တော့ပုံပြင်ပေါ့” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကြော်သည်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက နန်းထက်ထက်ဦးအတွက် ပထမဆုံးရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ပထမဦးဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေအားပေးဖို့ မျှော်လင့်မိကြောင်း နန်းထက်ထက်ဦးက..
” ပထမဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ ကြည့်ရှုကြရမှာဆိုတော့ နန်းထက်နည်းနည်းတော့ ရှက်တယ်။ ရင်လည်းခုန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နန်းထက်အတွက် ပထမဆုံးဇာတ်ကား၊ ပြီးတော့ နန်းထက်က သရုပ်ဆောင်ပိုင်းမှာလည်း အတွေ့အကြုံမရှိ တော့ နန်းထက် အိုက်တင်ပိုင်းတွေ၊ စကားအပြောလေးတွေက တအားအဆင်မပြေဘူးပေါ့နော်။ ဒါပေမဲ့ နန်းထက် အကောင်းဆုံးတော့ ကြိုးစားသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို နန်းထက် ပြန်ကြည့်ရတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် အားမရသေးပါဘူး။ ပရိသတ်ကြီးကလည်း နန်းထက်ရဲ့ လိုအပ်ချက်လေးတွေကို ထောက်ပြဝေဖန် အကြံ ပြုပေးစေချင်ပါတယ်” လို့ ပြောပြပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာရရှိခဲ့တဲ့ အမှတ်တရအကြောင်းတွေကိုလည်း နန်းထက်ထက်ဦးက အခုလိုပြောပြခဲ့ပါတယ်။ ” အမှတ်တရတွေကတော့ အများကြီးရှိပါတယ်။ ဒီဇာတ်ကား ရိုက်ကူးတုန်းက သင်္ချိုင်းမှာ သွားရိုက်ရတဲ့အခန်းမှာ ငိုရမယ့်အခန်းပါတယ်။ အဲဒါနဲ့ သင်္ချိုင်းမှာရိုက်ကူးတာဆိုတော့ နန်းထက်လည်း တအားကြောက်ပြီး တကယ်ကိုငိုတော့တာပဲ။ အဲဒါက နန်းထက်အတွက် အမှတ်တရပါပဲ” လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်