၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်းခဲ့ကြောင်း ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်နေ့စိစစ်ချက်အရ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီ နှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာထားသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း သတ်မှတ်ပြဌာန်းထားသည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန်ပျက်ကွက်ပါက ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်။
ထို့ကြောင့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန် ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးဖြစ်သည်။
ယင်းအပြင် စာရင်းရှင်းလင်းခြင်း မရှိသည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။