အီလွန်မတ်ဟာ အပြုသဘောဆောင်တဲ့အမြင် ရှိနေဆဲဖြစ်ပေမယ့် သူ့ရဲ့ “ခမ်းနားလှပတဲ့ ဥပဒေကြမ်းကြီး” ကို ဝေဖန်မှုတွေဖြင့် မသင့်လျော်ဘူးလို့ ခံစားရကြောင်း သမ္မတ ဒေါ်နယ်လ် ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်သူ့ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်လို့ ထင်ပါတယ်။ သူ့နဲ့သိပ်စကားမပြောဖြစ်ပါဘူး။ ဒါပေမယ့် အီလွန်ဟာ အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်လို့ ထင်ပါတယ်။ သူအမြဲတမ်း အောင်မြင်လိမ့်မယ်လို့လည်း သိပါတယ်။” လို့ ထရမ့်က Fox News နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“သူဟာ ထက်မြက်တဲ့သူပါ။ တကယ်တော့ သူဟာ ကျွန်တော်နဲ့အတူ မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့တယ်။” လို့ ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် သူနည်းနည်း စိတ်ဆိုးသွားတာကတော့ မသင့်လျော်ပါဘူး။”လို့လဲ သမ္မတကပြောပါသေးတယ်။
ထရမ့်ရဲ့ အီလွန်မတ်အပေါ် ချီးကျူးမှုဟာမတ် က ထရမ့်ရဲ့ အဓိက အခွန်ဥပဒေကြမ်းကို ပြန်လည်ဝေဖန်ပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စနေနေ့မှာ မတ်က X မှာ ပို့စ်တစ်ခုတင်ပြီး အဆိုပါဥပဒေကြမ်းဟာ “အမေရိကန်မှာ အလုပ်အကိုင် သန်းပေါင်းများစွာကို ဖျက်ဆီးပြီး ကျွန်တော်တို့နိုင်ငံကို ကြီးမားတဲ့ မဟာဗျူဟာမြောက် ထိခို-က်မှုတွေ ဖြစ်စေလိမ့်မယ်။” လို့ ရေးသားခဲ့ပါတယ်။
“လုံးဝ ရူးသွပ်ပြီး ဖျက်ဆီးတတ်တဲ့အရာပါ။ ဒါဟာ အတိတ်က စက်မှုလုပ်ငန်းတွေကို ထောက်ပံ့မှုတွေပေးပြီး အနာဂတ်ရဲ့ စက်မှုလုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။” လို့လဲ အီလွန်မတ် က ရေးထားပါသေးတယ်။
ထရန့်ရဲ့ “ခမ်းနားလှပတဲ့ ဥပဒေကြမ်းကြီး” ဟာ ဆီးနိတ်မှာ မဲခွဲဆုံးဖြတ်ဖို့ ကျန်ရှိနေပါသေးတယ်။ ဥပဒေပြုအမတ်တွေက ဇူလိုင်လ ၄ ရက်နေ့မှာ ထရမ့်ရဲ့ စားပွဲပေါ် ဥပဒေကြမ်းကို ပို့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။