ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် ၂ ပိဿာ ၇၅ ကျပ်သား (၅လီတာ)နှုန်းဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွ က်ထားသည်။
အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ ပိဿာ ၇၅ ကျပ်သား (၅ လီတာ) နှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ခရိုင် (၁၄)ခု၊ မြို့နယ် (၄၄)မြို့နယ်တွင် ခရိုင်အလိုက် Call Center များထားရှိပြီး မှာကြားချက်များကို လက်ခံမှတ်သားသွားမည်ဖြစ်သည်။
ဝယ်ယူလိုသူများအနေဖြင့် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ (စနေနေ့၊ တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ) ဖော်ပြပါ ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။
ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များမှာ ၀၁-၄၇၀၅၅၆၆ (လိုင်းခွဲ-၁၅ လိုင်း)၊ ၀၉-၉၄၀၁၇၁၂၂၂ (လိုင်းခွဲ- ၁၅ လိုင်း)၊ ၀၉-၇၇၁၀၀၂၇၂၂ (လိုင်းခွဲ- ၁၀ လိုင်း)၊ ၀၁-၄၇၀၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း) သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး Delivery ခကို မှာကြားသည့် ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ကြောင်း၊ ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။