ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် (၄၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းနှင့် ဆရာထွန်းလမ်းထိပ်တွင် ယနေ့ ဒီဇင်ဘာလ (၂၈) ရက် နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ ကျွန်မတို့ဆီ ဖုန်းဝင်လာတာက (၁၀) နာရီ (၅၀) မိနစ်ပါ၊ ခုန်ချတာလို့ပဲသိရတယ်၊ ဖြစ်စဥ်အသေးစိတ်တော့ မသိရပါဘူး” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် အသက် (၄၉) နှစ်အရွယ်အမျိုးသမီးတစ်ဦး အနီရောင်အဆင့် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယနေ့နံနက်ကလည်း ကြည်မြင်တိုင်ဘူတာတွင် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး ရထားကြိတ်ခံရကာ ခြေထောက်နှင့် လက်ပြတ်ဒဏ်ရာရရှိခဲ့သည့်အတွက် စမ်းချောင်းအရန်မီးသတ်မှ ရန်ကုန်ဆေးရုံကြီးပို့ဆောင်ခဲ့ရကြောင်းလည်း သိရသည်။
ဓာတ်ပုံ – စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့