မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တိုက်တာအဆောက်အအုံများရှင်းလင်းရန်နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက် တစ်ဖက်သတ်အပစ်ရပ်ကာလအား (၁)လထပ်မံသက်တမ်းထပ်တိုးသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့မှ မေ ၁ ရက်ကထုတ်ပြန်ခဲ့သည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သော MNTJP/ MNDAA , PSLF/TNLA , ULA/AA တို့မှ တိုက်တာအဆောက်အအုံများရှင်းလင်းရန်နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်သဖြင့် တစ်ဖက်သတ် အပစ်ရက်ကာလအား မေ ၁ ရက်မှ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ကြေညာချိန်မှစ၍ ညီနောင်မဟာမိတ်(၃) ဖွဲ့သည် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် ပျက်စီးသွားသည့် လူနေတိုက်တာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများနှင့် သမိုင်းဝင်အမွေအနှစ်များကိုရှင်းလင်းဖယ်ရှားရန်၊ ပျက်စီး အဆောက်အအုံများကြား အသက်ရှင်ကျန်ရစ်နေသော လူနှင့်အိမ်မွေးတိရစ္ဆာန်များကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်တို့အတွက် ပထမအကြိမ်အဖြစ် တစ်ဖက်သတ် အပစ်ရပ်ကာလကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိအဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။