အစ္စရေးနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများကို အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါရက်သည် ဥပဒေအရခွင့်ပြုထားသည့် နောက်ဆုံးရက်စွဲဖြစ်သည်။ ဂါဇာစစ်ပွဲပေါ်ပေါက်ပြီးနောက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ခေါင်းဆောင်မှုအပေါ် ဆန္ဒခံယူပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြသည့် ရွေးကောက်ပွဲဖြစ်သည်။
အစ္စရေးပါလီမန်ဖြစ်သော နက်ဆက်က တနင်္ဂနွေနေ့တွင် ရွေးကောက်ပွဲရက်စွဲကို ကြေညာခဲ့သည်။ နက်ဆက်သည် လက်ရှိလွှတ်တော်သက်တမ်း၏ နောက်ဆုံးအစည်းအဝေးကို သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားပြီး နေတန်ယာဟု၏ လက်ယာစွန်းညွန့်ပေါင်းအစိုးရသည် နှစ်ပေါင်း ၅၀ အတွင်း အစိုးရသက်တမ်းလေးနှစ်ကို အပြည့်အဝထမ်းဆောင်နိုင်သည့် ပထမဆုံးအစိုးရဖြစ်လာမည်ဖြစ်သည်။
အစ္စရေး၏ သက်တော်ရှည်ဝန်ကြီးချုပ် နေတန်ယာဟုသည် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇွန်လတွင် အတည်ပြုခဲ့သည်။ အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ်သည် အစ္စရေးသမိုင်းတွင် အသေအပျောက်အများဆုံးဖြစ်ခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၇ ရက် နေ့က ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အစ္စရေးစစ်တပ်၏ စစ်ဦးစီး အရာရှိချုပ်ဟောင်း ဂါဒီ အီဆန်ကော့သည် နေတန်ယာဟု၏ အဓိကပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခဲ့သည်။ အစ္စရေးသတင်းဌာန ချန်နယ်-၁၃ က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုအရ အီဆန်ကော့၏ ယာရှားပါတီသည် နေတန်ယာဟု၏ လီကွတ်ပါတီထက် ထောက်ခံမှု အနည်းငယ်သာလွန်နေသည်။
နေတန်ယာဟု၏ စစ်အစိုးရတွင် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော အီဆန်ကော့သည် အစိုးရအနေဖြင့် ဂါဇာတွင် ၎င်း၏ ရည်မှန်းချက်များကို လုံးဝပျက်ကွက်ခဲ့သည်ဟု ပြောကြားပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လတွင် ရာထူးမှနုတ်ထွက်သွားခဲ့သည်။ သူ၏ သားသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အစ္စရေး၏ ဂါဇာစစ်ပွဲအစပိုင်းကာလအတွင်း သေဆုံးခဲ့သည်။
သောကြာနေ့ လွှတ်တော်ရပ်နားချိန်မတိုင်မီတွင် အစိုးရက ဥပဒေများစွာကို အတည်ပြုရန် ကြိုးပမ်းနေသည်။ ဥပဒေပြုမှုများသည် သူ၏ ရွေးကောက်ပွဲအလားအလာကို အားကောင်းစေလိမ့်မည်ဟု နေတန်ယာဟုက မျှော်လင့်ထားသည်။
Ref: အယ်လ်ဂျာဇီးယား
