သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါကာလအတွင်း ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်အမှတ် (၁၁) အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ်(၈၁)အဆန်နှင့် အမှတ်(၈၂)အစုန် လူစီးအမြန်ရထားများ၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန် လူစီးစာပို့ရထားတို့ကို ပြေးဆွဲပေးမည်ဖြစ်သည်။
ထို့ပြင် သာစည်-တောင်ကြီးလမ်းပိုင်း၌ အမှတ်(၁၄၁ အဆန်၊ အမှတ်(၁၄၂)အစုန် စာပို့ရထား၊ ပျဥ်းမနား-တောင်ကြီးလမ်းပိုင်းတွင် အမှတ်(၁၀၃)အဆန်နှင့် အမှတ်(၁၀၄)အစုန် လော်ကယ်ရထားများ၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းတွင် အမှတ်(၁၉၅)အဆန်နှင့် အမှတ်(၁၉၆)အစုန် လော်ကယ်ရထားများကိုလည်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်းတွင် မိုးကောင်း(၁)နှင့် မိုးကောင်း(၂) လူစီးရထားများ၊ ပုသိမ်-ကြံခင်းလမ်းပိုင်းတွင် အမှတ်(၁၈၁)အဆန်နှင့် အမှတ်(၁၈၂)အစုန် လူစီးရထားများကိုလည်း နေ့စဥ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ယင်းအပြင် သင်္ကြန်ပိတ်ရက်အတွင်း ခရီးသွားပြည်သူများ စိတ်ဝင်စားမှုရှိပါက ပြင်ဦးလွင်-ဂုတ်ထိပ်နှင့် တောင်ကြီး-ပေါမူ လမ်းပိုင်းများရှိ ရှုခင်းကြည့်ရထားများကိုလည်း စီစဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။
