အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲနှင့် ချီတက်မှုများ ကျင်းပရန် လူထောင်ပေါင်းများစွာတို့သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ကြာသပတေးနေ့ (မေလ ၁ ရက်)က စုဝေးခဲ့ကြသည်။ Los Angeles May Day Coalition မှ စီစဉ်သော ဤပွဲသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
May Day ဆန္ဒဖော်ထုတ်ပွဲများအား ပုံမှန်အားဖြင့် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားများ၏ အောင်မြင်မှုများကို အသိအမှတ်ပြုရန် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပလေ့ရှိသော်လည်း၊ ယခုနှစ်တွင်မူ ထရမ့်အစိုးရ၏ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံမှနှင်ထုတ်ပစ်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ရေးအတွက် ဆန္ဒဖော်ထုတ်သည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
လူမှုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများသည် ကြာသပတေးနေ့ မနက်စောစောကတည်းကပင် လျှင်လော့စ်အိန်ဂျလိစ်မြို့လယ်လမ်းများကို ပြည့်နှက်နေစေခဲ့ပြီး “တစ်ခုတည်းသော ရုန်းကန်မှု၊ တစ်ခုတည်းသော တိုက်ပွဲ – အလုပ်သမားများ စည်းလုံးညီညွတ်စွာ”ဟု စာများရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံကနှင်ထုတ်ခံနေရပြီး အလုပ်သမားတွေလည်း တိုက်ခိုက်ခံနေရတယ်။ ဒါကြောင့် ကျွန်မတို့ စည်းလုံးညီညွတ်နေဖို့ လိုတယ်။ တစ်ခုတည်းသောတိုက်ပွဲ၊ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ အလုပ်သမားတွေ ဒီနေ့စည်းလုံးနေကြတယ်” ဟု လော့စ်အိန်ဂျလိစ်ခရိုင်အလုပ်သမားဖက်ဒရေးရှင်း၏ ဥက္ကဋ္ဌ Yvonne Wheeler က ပြောကြားခဲ့သည်။
တောင်ကယ်လီဖိုးနီးယားရှိ အခြားမြို့များတွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုသည့် ဆန္ဒပြပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။