ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။
ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာ သွန်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ် ၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေ ကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန် မိုးဇလကသတိပေးခဲ့သည်။
ထို့အတူ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုကြရန် သတိ ပေးခဲ့သည်။
