ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် Community Policing အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကပြောသည်။
ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ရွာအေးချမ်းသာယာမှုနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဥပဒေ၊ တရားရေးဌာနများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Community Policing စနစ်ကို အရှိန်မြှင့် ဆောင်ရွက်ကာ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
နယ်မြေအလိုက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် လူထုအား မှုခင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
