ရန်ကုန်မြို့တွင်အများပြည်သူသွားလာအသုံးပြုနေသောYBSယာဉ်အများစုသည်ပြုပြင်ထိန်းသိမ်းမှုပိုင်း အားနည်းလာသောကြောင့်အိုမင်းပျက်စီးမှုများရှိလာနေသည်။
“၁၃ ကားဆိုမိုးရွာရင်ကားခေါင်မိုးကမိုးယိုနေတာကြုံခဲ့ရတယ်၊အဲမိူးယိူနေတဲ့ထိုင်ခုံကိုဘယ်သူမှလည်း သွားမထိုင်ကားလည်းစိုရွှဲနေတာ”ဟုကိုယ်တိုင်ကြုံတွေ့စီးနင်းခဲ့သူတစ်ဦးကပြောပြသည်။
မထသမော်တော်ယာဉ်လိုင်းများပြေးဆွဲစဉ်က စည်းကမ်းပျက်ခြင်း၊ ခရီးသည်များအပေါ်၌ချေမငံပြောဆိုခြင်း၊ကားကို မဆင်မခြင်မောင်းနှင်ခြင်းစသည့် ပြဿနာများအပေါ်အခြေခံပြီး မထသ မှ YBS ဟုအများခေါ်သည့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု – Yangon Bus Service စနစ်ကို ပြောင်းလဲလိုက်အပြီး ဆယ်စုနှစ်အကြာတွင် ထိုသို့ ဖြစ်ရပ်များလည်း ပြန်လည်ကြုံတွေ့နေရကြောင်း YBS လမ်းညွှန် Group တွင် စီးနင်းသူများက မျှဝေထားကြသည်။
“YBS 64, ကားဆရာ ရီဗျူးလေးပါ။မြန်မာပလာဇာကနေစစီးလာပါတယ်။တလမ်းလုံး ဘယ်သူ့ကို ဒေါသထွက်နေမှန်းမသိမောင်းချင်သလိုမောင်းလာလို့ နားလည်ပေးလိုက်ရတာလူစောင့်တင်နေတာကိုထပ်နားလည်ပါတယ်။သီတာမှတ်တိုင်ဆင်းဖို့ ကိုယ်အပါဝင်ခရီးသည် ခြောက်ယောက်လောက်ရှိပါတယ်။ပေလေးဆယ်(ရဲစခန်းရှေ့)ရောက်ကတည်းကဘဲတီးထားပါတယ်။သီတာမှတ်တိုင်မှာရပ်ပြီးတံခါးဖွင့်မပေးပါ။ ပြန်မောင်းထွက်ပါတယ်။ဆင်းမယ်လို့ပြောကြတော့ရှေ့မှဆင်းဆိုပြီးပြောပါတယ်။ ကိုယ်လည်း သူ့နောက်ကိုသွားပြီး ကားနံပတ်မှတ်ပြီးတိုင်မှာနော်လို့ ပြောတော့မင်းနန္ဒာက ငမိုးရိပ်မိချောင်းကို ကြိမ်နဲ့တို့သလိူ ချက်ချင်း ရပ်ပြီး တံခါး ဖွင့်ပေးပါတယ်။” ဟု ခရီးသွားတစ်ဦးကလည်း မျှဝေထားသည်။
ထို့အပြင် ယာဉ်လိုင်းအများစုသည်လည်း CNG အခက်အခဲ ကြောင့်လည်း လေအေးပေးစက်အဲကွန်း မဖွင့်ပေးနိုင်တော့ပဲ မျက်နှာကျက်နှင့် နေရာအများအပြားတွင် ဖုန်များဖြင့် ညစ်ပတ်လာခြင်း၊ ယခုလိုမိုးတွင်းကာလတွင် ကားခေါင်မိုးမှ မိုးယိုလာခြင်း၊ ပြတင်းပေါက် တံခါး လိုင် နာလိုင်းများအတွင်း ဖုန်၊ အညစ်အကြေးနှင့် ရေညှိများဖြစ်ကာ ပြတင်းတံခါးများအပိတ်အဖွင့် လုပ်မရခြင်း၊ ပြတင်း တံခါးမှန့်ကွဲထားခြင်းကြောင့် မိုးမပက်ရန် ပလတ်စတစ်ဖြင့် ယာယီကာထားရခြင်း စသည့်အဖြစ်မျိုးလည်း တွေ့လာရကြောင်း ရန်ကုန်မြို့တွင်း သွားလာသူများထံမှ သိရသည်။
လက်ရှိတွင်လည်း ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများသည် ယာဉ်စီးရေ (၃၅၀၀)ကျော်ဖြင့် ခရီးသည် (၁၄)သိန်းကျော်ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။