ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့် ရောင်းချပေးနိုင်ရေးစနစ်တကျစီမံဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း၌ စိုက်ပျိုးမွေး မြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေသကြီးအတွင်းရှိလူဦးရေ(၇) သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု လိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်သည်ဟု ပြောသည်။
” လူဦးရေ ၇ သန်းကျော်ရဲ့ နေ့စဉ်အသားစားသုံးမှုလိုအပ်ချက်ကို စနစ်တကျတွက်ချက်ထားဖို့လိုပြီး ဇုန်အလိုက်လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေး မြူထုတ်လုပ်ပေးနိုင်ဖို့လိုပါတယ်။ ဒေသတွင်းမှာ အခြေခံစားကုန်တွေကို ဖူလုံပေါများစွာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေလည်း လျော့ကျသွားစေမမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့အတူ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတမှသာ သင့်တင့်သည့်ဈေးနှုန်းများဖြစ်မည်ဖြစ်၍ အသား၊ ငါးနှင့် ဥများကို ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ အသီးအနှံများကိုလည်း မိမိတို့တိုင်းဒေသကြီးအတွင်း ပေါများနေအောင်စိုက်ပျိုးရမည်ဖြစ်ကာ မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာစိုက်ပျိုးထုတ်လုပ်ရန်လိုပြီး ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဝယ်ယူစားသုံးနိုင်ရန် မွေးမြူ ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အဓိကအားဖြင့် အထွက်နှုန်းများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ရွှေပြည်စိုက်ပျိုးမွေး မြူရေးဇုန်အတွင်း၌ အအေးပေးစနစ်ဖြင့် အသားတိုးဝက်များမွေးမြူထားမှု၊ ဥစားကြက်များကို Fully automatic စနစ်ဖြင့် မွေးမြူထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။