မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကိုဦးဆောင်မောင်းနှင်မည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကဏ္ဍအတွက် အချက်အချာကျသော စီးပွားရေးအခွင့်အ လမ်းသစ်များစွာကို ဖန်တီးပေးနိုင်မည့်အလားအလာကောင်းများပိုင်ဆိုင်ထားသည်။
ခေတ်မီဆန်းသစ်သော “Smart City”အသွင်သဏ္ဌာန်ဖြင့်ပေါ်ထွက်လာမည့် ရတနာပုံမြို့သစ်၏ ထူးခြား သော အနာဂတ်စီးပွားရေးအလားအလာ(၅)ခုကိုလည်း စိတ်ဝင်စားဖွယ်တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံ၏ နည်းပညာမြို့တော် “Silicon Valley” ဖြစ်လာနိုင်မှု ရတနာပုံမြို့သစ်သည် အိုင်တီ၊ ဆော့ဖ်ဝဲလ်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများအတွက် အထူးရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ နောင်တွင် ပြည်တွင်း/ပြည်ပမှ နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာနေရာဖြစ်လာပြီး နိုင်ငံ၏အဓိကနည်းပညာဗဟိုချက်မဖြစ်လာရန် ရည်မှန်းထားသည်။
အရည်အသွေးမြင့် လူသားအရင်းအမြစ်များစုဝေးရာနေရာ မြို့သစ်အတွင်း၌ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာသုတေသနစင်တာများတည်ရှိ၍ ခေတ်မီကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သားအလွယ်တကူရရှိနိုင်မည့် အားသာချက်တစ်ခု ဖြစ်သည်။
မဟာဗျူဟာကျသော တည်နေရာနှင့် သာယာသောရာသီဥတု ပြင်ဦးလွင်ဒေသ၏ အေးမြသာယာသောရာသီဥတုသည် နိုင်ငံတကာမှ နည်းပညာရှင်များနှင့် ပညာရှင်များကိုလာရောက်အခြေစိုက်နေထိုင်အလုပ်လုပ်ကိုင်ရန်ဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် မန္တလေးမြို့နှင့် နီးကပ်စွာတည်ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတွင် အချက်အချာကျနေသည်။
စနစ်ကျသော ခေတ်မီအခြေခံအဆောက်အအုံ လက်ရှိဖော်ဆောင်နေသည့် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းကဲ့သို့ ရေပေးဝေရေးစနစ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်များကို စနစ်တကျထည့်သွင်းဆောက်လုပ်ထား၍ ရေရှည်တည်တံ့မည့် Smart City တစ်ခုအဖြစ်ခိုင်မာစွာပေါ် ထွက်လာမည်ဖြစ်သည်။
အိမ်ခြံမြေနှင့် ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ စီမံကိန်းတိုးတက်လာသည်နှင့်အမျှ အိမ်ခြံမြေတန်ဖိုးများမြင့်တက်လာနိုင်ရုံသာမက တိုးပွားလာမည့် လူဦးရေအတွက် ဟိုတယ်၊ လူနေအိမ်ရာများ၊ စားသောက်ကုန်နှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် စီးပွားရေးလုပ်ငန်းသစ်များလုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများစွာရှိနေသည်။
ထို့ကြောင့် ရတနာပုံမြို့သစ်စီမံကိန်းသည် ကမ္ဘာတစ် ဝန်းတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တိုးတက်လာသည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ သီးသန့်နည်းပညာမြို့တော်တစ်ခုဖော်ဆောင်ခြင်းကြောင့် ခေတ်ရေစီးကြောင်းအရ အလွန်မှန်ကန်သောဗျူဟာမြောက်ခြေလှမ်းတစ်ခုဖြစ်သည်။
ပြင်ဦးလွင်ရာသီဥတုနှင့် သာယာသောပတ်ဝန်းကျင်သည် ကွန်ပျူတာရှေ့တွင်အချိန်ပြည့်အလုပ်လုပ်ရသည့် အိုင်တီပညာရှင်များအတွက် အဆင်ပြေဆုံး ပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်သဖြင့် လုပ်ငန်းခွင်အောင် မြင်မှုကိုအထောက်အကူပြုမည်ဖြစ်သည်။
ခေတ်မီအခြေခံအဆောက်အအုံများဖြစ်သည့် အင်တာနက်နှင့် လျှပ်စစ်မီးစဉ်ဆက်မပြတ်ရရှိနိုင်မှုအပေါ် အပြည့်အဝအာမခံချက်ပေးနိုင်မည်ဆိုပါက ရတနာပုံမြို့သစ်သည် ပြည်တွင်းသာမက ဒေသတွင်းနိုင်ငံများကပါစိတ်ဝင်စားရမည့် ရင်းနှီးမြှုပ်နှံမှုနိဗ္ဗာန်ဘုံတစ်ခုဖြစ် လာမည်ဖြစ်သည်။
