တိုင်ဖွန်း မက်မိုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်္ဂါနေ့တွင် မြို့တော်ဟနွိုင်၏ နေရာများစွာသည် ရေနစ်မြုပ်ခဲ့သည်။ နိုင်ငံ၏ မြောက်ပိုင်းဒေသများတစ်ဝန်းတိုက်ခိုက်ခဲ့သော မုန်တိုင်းများကြောင့် ပြီးခဲ့သောလကလည်း ဗီယက်နမ်၏ မြို့တော်တွင် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ပြီး ယခုတဖန် ထပ်ဖြစ်ခြင်းဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့၏ အဓိကလမ်းများ ရေမြုပ်ခဲ့ကာ မော်တော်ဆိုင်ကယ်နှင့် ကားများ သောင်တင်နေခဲ့ပြီး ရေမြုပ်နေသော လမ်းများတွင် မြို့ခံများခက်ခက်ခဲခဲသွားလာကြရသည်။ အထူးသဖြင့် မြို့တွင်းခရိုင်များသည် ရေကြီးရေလျှံမှုဒဏ်ကိုပိုခံကြရပြီး များပြားသော မိုးရေချိန်ပမာဏကြောင့် ရေနုတ်မြောင်းများမှ ရေဆင်းရန် ခက်ခဲနေခဲ့သည်။
မြို့တော်ရှိ စာသင်ကျောင်းများစွာကို ပိတ်လိုက်ရခြင်း သို့မဟုတ် အွန်လိုင်းသင်ကြားရေးစနစ်ပြောင်းခဲ့ရခြင်းများဖြစ်ကာ Noi Bai နိုင်ငံတကာလေဆိပ် အသွားအပြန် လေယာဉ်ခရီးစဉ်များစွာသည် ကြန့်ကြာခြင်း သို့မဟုတ် ခရီးစဉ်အချိန်ပြောင်းခြင်းများ လုပ်ခဲ့ရသည်။
တိုင်ဖွန်း ဘူလွာကြောင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ဟနွိုင်၌ ပြင်းထန်သော ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၅၁ ဦးထက်မနည်းရှိခဲ့ကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
