မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။
ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် ဒေသများရှိ ပြည်သူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကဲ့သို့ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများကို ရေလုံအိတ်များဖြင့် ထုပ်ပိုးထားပြီး အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် နေရာတွင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အလွယ်တကူ စားသုံးနိုင်သည့် ရိက္ခာများ၊ သောက်ရေသန့်နှင့် အရေးပေါ် ရှေးဦးသူနာပြုဆေးဝါးများကို အနည်းဆုံး သုံးရက်စာ စုဆောင်းထားရန် လိုအပ်ကြောင်း သိရသည်။ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်၊ မိုဘိုင်းဖုန်းနှင့် Power Bank များကိုလည်း အသင့်အသုံးပြုနိုင်ရန် အားအပြည့်သွင်းထားသင့်ကြောင်း အသိပေးထားသည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ရေဘေးလွတ်ကင်းရာ အမြင့်ပိုင်းဒေသများ သို့မဟုတ် နီးစပ်ရာ ရေဘေးခိုလှုံရေးစခန်းများသို့ ကြိုတင်ရွှေ့ပြောင်းထားသင့်ပြီး အိမ်မွေးတိရစ္ဆာန်များနှင့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း ရေလွတ်ရာသို့ ရွှေ့ပြောင်းထားသင့်ကြောင်း တိုက်တွန်းထားသည်။
ထို့အတူ ရေကြီးရေလျှံချိန်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် ရေဝင်ရောက်နိုင်သည့် နေရာများရှိ လျှပ်စစ်မိန်းခလုတ်များနှင့် ပလပ်ပေါက်များကို ကြိုတင်ပိတ်ထားသင့်ကြောင်း သိရသည်။
ရေစီးသန်နေချိန်၌ မြစ်ရေထဲဆင်းခြင်း၊ ရေကူးခြင်းနှင့် လှေစီးခြင်းများကို ရှောင်ကြဉ်ရန် လိုအပ်ပြီး ကလေးငယ်များအား ရေအနီးသို့ သွားလာခွင့်မပြုသင့်ကြောင်းလည်း သတိပေးထားသည်။ ထို့ပြင် ရေဘေးကာလအတွင်း အဆိပ်ရှိသတ္တဝါများ ရေလွတ်ရာသို့ တက်လာနိုင်သဖြင့် သတိပြုနေထိုင်ကြရန် အသိပေးထားသည်။
ရေကြီးရေလျှံနေစဉ် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် သောက်ရေကို ကျိုချက်သောက်သုံးခြင်း သို့မဟုတ် ရေသန့်စင်ဆေးပြား အသုံးပြု၍ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရေကင်းသတင်းများနှင့် အရေးပေါ်ကြေညာချက်များကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်များမှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်နားထောင်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ၏ လမ်းညွှန်ချက်များ၊ ရွှေ့ပြောင်းရန် နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။
