ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်ရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီး၌ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့လည် ၃ နာရီက ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဘုရားကြီးပရိဝုဏ်အတွင်း ဘုရားအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၅၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြပြီး ဘုရားကြီးဂေါပကအဖွဲ့မှလည်း ဆန်၊ ဆီ၊ ဆား၊ ဆေးအစရှိသည့် ပစ္စည်းလေးပါးကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာတို့ဖြင့် ဆင်ယင်ကျင်းပလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ (၄၈)ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းကလည်း ဆရာ တော်၊ သံဃာတော်များက ဘုရားကြီးအားအနေကဇာ တင်တော်မူခဲ့ကြကာ ဒီဇင်ဘာ ၃ ရက်ညနေပိုင်းက ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။


