မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုပျက်နေသောစေတီများအတွင်းမှ မူလစေတီငယ်ကိုငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီတွင်(၁)ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂)ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁)ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင်(၁) ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီးတွင်(၂) ဆူ၊ ရှင်ပင်ခရေသီးတွင်(၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင်(၁)ဆူ၊ ပုလိပ်ဘုရားစုတွင်(၁)ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင်(၁)ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာတွင်(၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင်(၁)ဆူ (စုစုပေါင်း ၁၃ ဆူ)ကိုစိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁)ဆူ၊ မြစ်ငယ်တွင်(၃)ဆူ၊ စာတိုးမြို့ပြင်ကြီးတွင်(၁)ဆူ(စုစုပေါင်း ၄ ဆူ)ကိုလည်း စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယခင်က အင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့သော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီမရှိခဲ့သော်လည်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်မှသာ ယင်း နှစ်ထပ်စေတီများကို စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။