စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင် ဇွန် ၂၇ ရက်နံနက်ပိုင်းမှစတင်၍ မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေ မှတ်ဖြစ်သော (၁၃၂၅)စင်တီမီတာအထက် (၃) လက်မခန့်ကျော်လွန်ရောက်ရှိကာ မြို့၏အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်၍ အိမ်ထောင်စုအချို့အား ရေဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ထို့အတူ ဖောင်းပြင်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူများမှလည်း ချင်းတွင်းမြစ်ရေ လက်ရှိရေအမှတ်အထက်သို့ဆက်လက်မြင့်တက်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိနိုင်ရန် အသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။