ဖနောင်ပင်၊ဇွန် ၂၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မီယန်ချေ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ စနေနေ့ညက အကြောင်းကြားခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။
“အဲဒီနယ်စပ်ဂိတ်ကို ကျွန်တော်တို့ဘက်ကလည်း အပြီးတိုင်ပိတ်ပစ်မယ်ဆိုတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တုန့်ပြန်မှုကို ကျွန်တော်လည်းသဘောတူပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ပို့စ်တွင်ရေးသားခဲ့သည်။
“ဆက်လက်ပြီးကမ္ဘောဒီးယားဘက်ကလည်း ချိုအမ်း မှာရှိတဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုကိုပါ ချောက်ဘ် ကော်ကီ စစ်ဆေးရေးဂိတ်နဲ့အတူ ဒီနေ့ကစပြီး ပိတ်ဖို့ဆုံးဖြတ်ထားပါတယ်၊အဲ့ဒါကိုလည်းထိုင်းအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ညွှန်ကြားထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဇွန်လ ၇ ရက် နေ့မှစပြီး ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား နယ်စပ်စစ်ဆေးရေးဂိတ်များကို တစ်ဖက်သ-တ်ပိ-တ်သိမ်းခဲ့ပြီးနှစ်နိုင်ငံပြည်သူများကိုထည့်သွင်းစဉ်းစားခြင်းမရှိကြောင်းပြောကြားခဲ့သည်။
“နယ်စပ်စစ်ဆေးရေးဂိတ်တွေကိုအသုံးပြုတဲ့ နှစ်နိုင်ငံလုံးက ပြည်သူတွေကိုအခက်အခဲဖြစ်စေဖို့ ကမ္ဘောဒီးယားက ဘယ်တုန်းကမှမရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားကို ဖိအားပေးဖို့ ဒီနည်းလမ်းကိုဆက်သုံးနေမယ်ဆိုရင် ကမ္ဘောဒီးယားကလည်း အချိန်မရွေးတုန့်ပြန်သွားမှာပါ” ဟု ဟွန်မာနက်က ပြောကြားခဲ့သည်။
Source : ရှင်းဟွာ