မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ၍မိန့်ခွန်းပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာ ဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုအလေးထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး လုပ်ငန်းတာ ဝန်များကို ရိုးသားဖြောင့်မတ်စွာဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အခြေခံကောင်းကောင်းနှင့် ခိုင်မာအားကောင်းအောင် တဖြည်းဖြည်းတည်ဆောက်ရန်၊ ချို့ယွင်းအား နည်းမှုနည်းနည်းဖြင့် ခိုင်မာအားကောင်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို အောင်မြင်အောင်ဆက်လက်တည်ဆောက်သွားနိုင်ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။
ထို့ပြင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူကပေးအပ်လာသော တာဝန်များကိုသစ္စာရှိရှိ၊ ကျေကျေပွန်ပွန်ထမ်းဆောင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်၊ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်များ အချင်း ချင်းပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးတိုးတက်အောင်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူလူထု၏ ဆန္ဒသဘောထားနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ကို ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ စိတ်တူကိုယ်တူ အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်းမြန်မာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
