ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပုဂံဒေသကို ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသလုံခြုံရေးကိုလည်း မိမိတို့၏ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပုဂံဒေသသည် ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
ပုဂံယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေဖြင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ရွှေဆံတော်ဘုရား၊ မနူဟာဘုရားနှင့် ဗူးဘုရား အပါအဝင် အထင်ကရ ရှေးဟောင်းဘုရား၊ စေတီများသို့ အများဆုံး သွားရောက်ဖူးမြော်လေ့ရှိကြကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီနှင့် ဂူပေါင်း ၃,၈၀၀ ကျော် တည်ရှိနေပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးတည်ရှိရာ ကမ္ဘာကျော် ခရီးသွားဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
လတ်တလောတွင် ရုံးပိတ်ရက်ရှည်ကာလများ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
