AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတို့ ယနေ့ (ဇွန် ၉ ရက်) ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲပြီးဆုံးချိန်၌ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်၏ ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းက ပိုမိုတက်ကြွစွာ ကစားနိုင်ခဲ့ပြီး ရူပါခိုင်၏ အဝေးကန်ချက်မှတစ်ဆင့် ဂိုးဧရိယာအတွင်း အသင့်ရှိနေသည့် မေထက်လူက ခေါင်းတိုက်သွင်းယူကာ မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့သည်။
သို့သော် မြန်မာအသင်း ဦးဆောင်ဂိုးရပြီး မကြာမီမှာပင် ထိုင်းအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက်(၁)ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ယနေ့ပွဲစဉ်ကို လာရောက်အားပေးကြသည့် ပရိသတ်အရေအတွက်မှာ ထောင်နှင့်ချီရှိခဲ့ပြီး ကွင်းအတွင်း အားပေးမှုအရှိန်အဟုန် မြင့်မားခဲ့ကြောင်း တွေ့ရသည်။