ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ရှိ အငြင်းပွား နေသော နယ်မြေလေးခုအရေးကို ဖြေရှင်းဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) သို့ တနင်္ဂနွေနေ့တွင် တိုင်ချက်ဖွင့်ခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားခဲ့သည်။
သည်ဟိဂ်ရှိ တရားရုံးသို့ တင်သွင်းခဲ့သည့် အမှုတွင် Tamone Thom Tamone Touch Ta Krabey Mom Bei စသည့် အငြင်းပွားဧရိယာလေးခု ပါဝင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ပြောဆိုခဲ့သည်။
အဆိုပါနယ်မြေလေးခုကို ထိုင်းဘက်က Ta Muen Thom Ta Muen Toch Ta Kwai နှင့် Emerald Triangle ဟု ခေါ်ဝေါ်သည်။
မြတြိဂံ(Emerald Triangle) သည် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ထိစပ်ရာနေရာဖြစ်သည်။
“ကမ္ဘောဒီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားသဖြင့်၊ မျှတပြီး ရှင်းလင်းတဲ့ နယ်နိမိတ်သတ်မှတ်မှုတွေ လုပ်လိုခြင်းသာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေ ထပ်မဖြစ်တော့မှာပါ” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရေးသားခဲ့သည်။
ထိုင်းအစိုးရကမူ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်မြေအငြင်းပွားမှုတွင် အိုင်စီဂျေ ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဟု ပြောဆိုထားသည်။
နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိနိုင်ရန် ဖနွမ်ပင်တွင် ပူးတွဲနယ်နိမိတ်ကော်မတီ၏ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ကမ္ဘောဒီးယား၏ အမှုတင်သွင်းချက်သတင်း ထွက်လာခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်