တရုတ်ဝန်ကြီးချုပ် Li Qiang က ပေကျင်းနှင့် ဝါရှင်တန်တို့သည် ထိပ်တိုက်ရင်ဆိုင်မှုများလုပ်မည့်အစား ဆွေးနွေးဖြေရှင်းရေးကို ရွေးချယ်သင့်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အခိုင်အမာထောက်ခံသူ အမေရိကန်အထက်လွှတ်တော်အမတ် Steve Daines နှင့် တနင်္ဂနွေနေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံသည် ကုန်သွယ်အခွန်အခများကို တိုးမြှင့် ကောက်ခံခြင်းနှင့် တရားမဝင် ဖန်တနိုင်း မူး-ယစ်ဆေးဝါး ကုန်သွယ်မှုကို တိုက်ဖျက်ရန် ကြိုးပမ်းချက်များကြောင့် တင်းမာမှုများဖြစ်ပေါ်လျက်ရှိသည်။
Daines သည် ဇန်နဝါရီလတွင် ထရမ့်ပ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပေကျင်းသို့ ပထမဆုံးလာရောက်သည့် ကွန်ဂရက်အမတ်တစ်ဦးဖြစ်သည်။ ဝန်ကြီးချုပ် Li နှင့် တွေ့ဆုံရာတွင် သူနှင့်အတူ FedEx Corp စီအီးအို ရာ့ဂျ် ဆူဘရာမန်နီယမ်၊ Boeing ကုမ္ပဏီ၏ အကြီးတန် ဒုတိယဥက္ကဌ ဘရန်ဒန် နယ်ဆင်၊ Qualcomm ၏ စီအီးအို ခရစ္စတီယာနို အမ်မိုနှင့် Pfizer ၏ စီအီးအို အယ်ဘတ် ဘော်လာ အပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်းများစွာမှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အရေးကြီးသော အကူးအပြောင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လီက ပြောဆိုခဲ့ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလတွင် ထရမ့်ပ်နှင့် ဖုန်းပြောဆိုချိန်တွင် နှစ်နိုင်ငံသည် တစ်ဖက်နှင့်တစ်ဖက်၏ အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေသော မိတ်ဖက်များ၊ မိတ်ဆွေများ ဖြစ်လာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်၊ အမေရိက နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုမှ အောင်မြင်မှုရရှိနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဆုံးရှုံးမှုများဖြစ်နိုင်သည်သဘောသဘာရှိသည်ကို သမိုင်းက ဖော်ပြနေကြောင်း သူက ဆိုသည်။ “ကျွနု်ပ်တို့ နှစ်ဖက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်မှုကို ကျော်လွှားပြီး ဆွေးနွေးအဖြေရှာမှုကို ရွေးချယ်ဖို့၊ အကျိုးရလဒ် နတ္ထိ ပြိုင်ဆိုင်မှုထက် နှစ်ဖက်အကျိုးဖြစ်စေမယ့် win-win ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ဖို့ လိုအပ်ပါတယ်” ဟု Li က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိက ဆက်ဆံရေး တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အမေရိက,က အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း သူက ဆက်လက် ပြောဆိုခဲ့သည်။
Ref: အေပီ