အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များသည် ယာယီအစီအမံများသာ ဖြစ်သင့်ကြောင်း ပြောကြား
ယနေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရ အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) အရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို အတည်ပြုရန် တင်သွင်းထားသည့် အဆိုအပေါ် တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ထောက်ခံဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးခြင်းတို့သည် အုပ်ချုပ်ရေးယန္တရား ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ရေး၊ ပြည်သူများ၏ လုံခြုံရေးကို အာမခံနိုင်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံအုတ်မြစ်များ ဖော်ဆောင်ရေးကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လုံခြုံရေးနှင့် အခွင့်အရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားမျှတရေးတို့အကြား သင့်လျော်သည့် ဟန်ချက်ညီမှုကို ထိန်းသိမ်းဆောင်ရွက်သွားရန် အလေးထား တိုက်တွန်းခဲ့သည်။
ဒေါက်တာကျော်ဆွေက အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များသည် ပုံမှန်အုပ်ချုပ်ရေးစနစ် ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်သည့် ယာယီအစီအမံများသာ ဖြစ်သင့်ကြောင်း၊ အဆိုပါ အမိန့်များ ဆက်လက်တည်ရှိနေခြင်းထက် မလိုအပ်တော့သည့် အခြေအနေသို့ ရောက်ရှိစေရေးကို ဦးတည်ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် အရေးပေါ်ကာလအတွင်း ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် စိစစ်ကြီးကြပ်နိုင်ရေးအတွက် သင့်လျော်သည့် လွှတ်တော်ကော်မတီတစ်ရပ်ရပ် ဖွဲ့စည်းရန် သို့မဟုတ် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ကာလအလိုက် တိုးတက်မှုအစီရင်ခံစာများကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ဆောင်ရွက်သင့်ကြောင်း အပြုသဘောဆောင် အကြံပြုတိုက်တွန်းခဲ့သည်။