စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ လိုင်စင်တွင် ဖော်ပြထားသည့် အမျိုးအစားနှင့် တန်ချိန်များကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တို့တွင် ပို့ကုန်၊ သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများ စစ်ဆေးနေမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် OSS အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များအတိုင်း အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။