တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းတွင် စံချိန်တင်ကာလရှည်ကြာမည့် မစ်ရှင်တစ်ခုဖြစ်လာနိုင်ပြီး အာကာသအတွင်း လူသားဇီဝကမ္မဗေဒဆိုင်ရာ ရေရှည်လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။
Shenzhou-23 အာကာသယာဉ်ကို တရုတ်အနောက်မြောက်ပိုင်း ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F Y23 ဒုံးပျံဖြင့် ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းမစ်ရှင်တွင် ဟောင်ကောင်ရဲအင်စပက်တာဟောင်း လီကျားကျင် ပါဝင်မည်ဖြစ်ပြီး ၎င်းသည် တရုတ်အာကာသမစ်ရှင်တွင် ပါဝင်သည့် ပထမဆုံး ဟောင်ကောင်အာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်သည်။ အခြားအဖွဲ့ဝင်များမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အာကာသယာဉ်မှူးဌာနမှ ဇူယန်ကျူးနှင့် ပိုင်းလော့ ဇန်ယွမ်ဇီ တို့ဖြစ်ကြောင်း သိရသည်။
မစ်ရှင်အတွင်း အာကာသယာဉ်မှူး ၃ ဦးအနက် တစ်ဦးသည် Tiangong အာကာသစခန်းတွင် တစ်နှစ်ကြာ နေထိုင်သွားမည်ဖြစ်ပြီး ယင်းသည် ၁၉၉၅ ခုနှစ်က ရုရှားအာကာသယာဉ်မှူးတစ်ဦး၏ ၁၄ လခွဲကြာ အာကာသနေထိုင်မှုစံချိန်နောက်ပိုင်း အရှည်ကြာဆုံး အာကာသမစ်ရှင်များထဲမှ တစ်ခုဖြစ်လာနိုင်ကြောင်း တရုတ်လူလိုက်ပါသော အာကာသအေဂျင်စီက ပြောကြားထားသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လူလိုက်ပါသော လမစ်ရှင်ဖြင့် လပေါ်သို့ ဆင်းသက်နိုင်ရေး ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
