တပ်မတော်အနေဖြင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတမှ ယနေ့ ဧပြီ ၈ ရက်က တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ-ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အနာဂတ်ကာလတွင် နိုင်ငံ့အတွက်အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက်သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ “ပြည်သူသာအမိ ပြည်သူသာအဖ”ဟူသည့် ခံယူချက်နှင့် ပြည်သူများအပေါ်အလုပ်အကျွေးပြုကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အတွက်အရေးကြုံလာတိုင်း၌ တပ်မ တော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့် တစ်သားတည်းပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အထူး ကျေးဇူးတင်ကာ ထိုသို့ ဆောင်ရွက်နိုင်ရန်ကြီးကြပ်ကွပ် ကဲစီမံပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများကိုလည်း လေးစားစွာမှတ်တမ်းတင်ဂုဏ်ပြုသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ မိမိတို့တာဝန်ယူခဲ့သည့် (၅)နှစ်တာကာလအတွင်း၌ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေခံဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများတိုးတက်အောင်မြင်အောင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးအနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
