သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။
ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ အယ်လ်ဘာနီးစ်သည် ဂျကာတာတွင် တစ်ရက်သာ နေထိုင်မည်ဖြစ်ကာ ယင်းနောက် ပုပ်ရဟန်းမင်းကြီးအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ရောမမြို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံကို သူ၏ပထမဆုံးခရီးစဉ်အဖြစ် ရွေးချယ်ခြင်းဖြင့် မစ္စတာ အယ်လ်ဘာနီးစ်သည် သူ၏ ဒုတိယသက်တမ်းအတွက် နိုင်ငံခြားရေးရာမူဝါဒ ဦးစားပေးမှုအကြောင်းကို ရှင်းလင်းစွာအချက်ပြနေသည်ကို ခန့်မှန်း၍ ရနိုင်သည်။
ထို့အပြင် နိုင်ငံခြားရေးဆိုင်ရာ အဓိကဆုံးဖြတ်ချက်များကို ယခင်သမ္မတ ဂျိုကိုဝီဒိုဒိုထက် ပိုမိုထိန်းချုပ်ကိုင်တွယ်ရန် သေချာပုံရသော အင်ဒိုနီးရှား သမ္မတပရာဘိုဝို ဆူဘီယန်တိုနှင့် သူ၏ဆက်ဆံရေး ခိုင်မြဲစေရန်လည်း မစ္စတာ အယ်လ်ဘာနီးစ်တွင် ရည်ရွယ်ချက်ရှိမည်ဖြစ်သည်။
ဂျွန်ဟောင်းဝပ်ကစ၍ သြစတြေးလျ ဝန်ကြီးချုပ်အားလုံးနီးပါးသည် ၎င်းတို့၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဂျကာတာကို သွားရောက်ခဲ့ကြပြီး မစ္စတာအယ်လ်ဘာနီးစ်သည် တရားဝင်သတ်မှတ်ချက်မဟုတ်သော ထိုအစဉ်အလာကို နှစ်ဆတိုးလာပုံရသည်။
မစ္စတာ အယ်လ်ဘာနီးစ်သည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအနိုင်ရချိန်ကလည်း သူ၏ပထမဆုံး ပြည်ပခရီးအဖြစ် အင်ဒိုနီးရှားကို လာရောက်ခဲ့သူဖြစ်ကာ ယခု ၂၀၂၅ တွင်လည်း ယင်းအတိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ အယ်လ်ဘာနီးစ်အနေဖြင့် အင်ဒိုနီးရှားသည် သြဇီအစိုးရအတွက် အဓိကဦးစားပေးဖြစ်နေဆဲဆိုသည်ကို ဂျကာတာကို သိနားလည်စေလိုခြင်းဖြစ်ကြောင်း သြစတြေးလျ မဟာဗျူဟာမူဝါဒအင်စတီကျူ့မှ Gatra Priyandita က ပြောကြားသည်။
သြစတြေးလျသည် အာရှအစိတ်အပိုင်းတစ်ခုဆိုသည်နှင့် သြစတြေးလျသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ၎င်း၏ဆက်ဆံရေးကို ဦးစားပေးဆဲဖြစ်ကြောင်း ပြသရန် အစိုးရက လိုလားသည်ဟု မစ္စတာ Priyandita က သုံးသပ်ခဲ့သည်။
Ref: အေဘီစီ