ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော် ပထမသုံးရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၉၅ ဦး သေဆုံးခဲ့ပြီဖြစ်ကာ တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက် နေ့မှ ၁၂ ရက် နေ့အတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၁၅ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၉၅ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦး ရှိထားကြောင်း သယ်ယူပို့ဆောင်ရေး စာရင်းစစ်အရာရှိချုပ် ဖာဒွန်းဆက် ဆာရူဂျီကမ်ဂျွန်ဝပ်တနာက တနင်္လာနေ့(ဧပြီ ၁၃) ရက်ေန့တွင် ပြောကြားခဲ့သည်။
မြောက်ပိုင်းပြည်နယ် လမ်ဖန်တွင် ယာဉ်မတော်တဆမှု ၂၅ မှုဖြင့် အများဆုံးနှင့် ဒဏ်ရာရရှိသူ အများဆုံးအဖြစ် ၂၅ ဦးရှိခဲ့သည်။ ဘန်ကောက်တွင် ယာဉ်မတော်တဆမှုကြောင့် ပွဲတော်ကာလသုံးရက်အတွင်း သေဆုံးသူအများဆုံးအဖြစ် ခြောက်ဦး ရှိခဲ့သည်။
တနင်္ဂနွေနေ့တစ်ရက်တည်းတွင်ပင် ယာဉ်မတော်တဆမှု ၁၇၁ မှုဖြစ်ခဲ့ကာ ၂၄ ဦး သေဆုံးခဲ့ပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘန်ကောက်သည် ယင်းနေ့တွင်လည်း သေဆုံးသူ အများဆုံးအဖြစ် သုံးဦး ရှိခဲ့သည်။
အရှိန်လွန်မောင်းနှင်မှုကြောင့် မတော်တဆမှု အများဆုံး ၄၆ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပြီး အရက်မူးမောင်းနှင်မှုကြောင့် ၂၄ ဒဿမ ၅ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။ ယာဉ်မတော်တဆမှုများ၏ ၇၇ ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များ ပါဝင်ပတ်သက်နေခဲ့သည်။ ယာဉ်မတော်တဆမှု အများစု ဖြစ်သော ၈၁ ရာခိုင်နှုန်းသည် လမ်းဖြောင့်များပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
တနင်္လာနေ့သည် ဆုန်ခရန်ပွဲတော်နေ့ဖြစ်ပြီး လူအုပ်ကြီးများသည် ဆုန်ခရန်ရေပွဲတော်တွင် အများဆုံးပါဝင်ဆင်နွှဲလျက်ရှိသည်။
Ref: ဘန်ကောက်ပို့စ်
