သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား (University Industry Collaboration) ပုံစံဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း (Certificate Course/ Higher Certificate Course in Rice Processing Technology) ကို စာတွေ့-လက်တွေ့ သင်ကြားမှုပုံစံဖြင့် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
သင်တန်းများကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (Insein GTI) တို့နှင့် ပူးပေါင်းဖွင့်လှစ်ရန် ညှိနှိုင်းစီစဉ်လျက်ရှိသည်။
သင်ရိုးညွှန်းတမ်းများနှင့် သင်ကြား/ သင်ယူမှုများ ထိရောက်စေရန် ကြိုတင်ပြင်ဆင်လျက်ရှိပြီး သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အနေဖြင့် ဇွန် ၂၄ ရက်နေ့တွင် SITE ကျောင်းသို့ လည်းကောင်း၊ (၂၈-၆-၂၀၂၅) ရက်နေ့တွင် ရွှေဝါရောင်ဆန်စက်၊ စိမ်းလဲ့မြေဆန်စက်နှင့် Good Brothers ဆန်စက်တို့ကို သင်ရိုးညွှန်းတမ်း အထောက်အကူပြု လေ့လာရေးခရီးများသွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး သင်တန်းကာလ (၃) လ – (၄) လ ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတက်နေစဥ် ကာလအတွင်း နေထိုင်စားသောက် စရိတ်ငြိမ်း၊ သင်တန်းကြေးအခမဲ့ဖြစ်ကာ သင်တန်းပြီးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင် ရရှိမည့် employment guaranteed training ဖြစ်သည်။
ယင်းသင်တန်းသို့ THS, AGTI တက်ရောက်ခဲ့သူများ/ လက်မှတ်ရပြီးသူများ အပါအဝင် ဆန်စက်လုပ်ငန်း နှင့် သက်ဆိုင်သော လျှပ်စစ်/ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခြေခံအတွေ့အကြုံ ရှိသူများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသူများအနက်မှ ရွေးချယ်စိစစ်မှု (entry interview) ဖြင့် ပါဝင်တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။