လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ ယစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ ရေကောင်းရေသန့်ရရှိရန်စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လိုအပ်ပြီး လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည်ဟု ပြောသည်။
နိုင်ငံတွင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကာ ဆောင်ရွက်ဆဲစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရသော၊ မလုပ်ဖြစ်သေးသော လျှပ် စစ်စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်ဟု ပြောသည်။
” သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေတဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေနဲ့ လုပ် ဆောင်ကြဖို့လည်းလိုပါတယ်။ တစ်ချို့မြစ်တွေမှာ မြေနိမ့်တမံတွေဆောက်ပြီး ရေကိုထိန်းသိမ်းသိုလှောင်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးကိုအထောက်အကူပေးနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လုပ်နိုင်မှာဖြစ်လို့ စဉ်းစားဆောင်ရွက်ကြဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံတော်သမ္မတ ကမှာကြားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၌ နေရောင်ခြည်ကို တစ်နှစ်တွင် ရက်(၃၀၀)ခန့် ပြည့်ပြည့်ဝဝရရှိပြီး မိုးများသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ရက်(၂၅၀)ခန့် နေရောင်ခြည်ရနိုင်၍ အိမ်သုံး၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် မြစ်ရေ တင်လုပ်ငန်းများ၌ ဆိုလာဓာတ်အားပေးစနစ်ပြောင်းလဲသုံးစွဲပါက ဓာတ်အားလိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်မည်ဟု ပြောသည်။
” ဒါ့အပြင် မီးစက်တွေအတွက် ပြည်ပကတင်သွင်းနေရတဲ့ စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြား ငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာရင်ဆိုင်ကြုံတွေ့နေရတဲ့ လောင်စာဆီ၊ စက်သုံးဆီခြိုးခြံချွေတာရေးကိုလည်း ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့အတူ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုများ၌ ရထားပို့ဆောင်ရေးကဏ္ဍကို ပိုမိုတိုးမြှင့်သုံးစွဲရန် ဓာတ်ဆီ၊ ဒီဇယ်သုံးယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးယာဉ် များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
