ပြည်တွင်း၌ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သံမဏိများ ထုတ်လုပ်သွားကြရန်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့်အသုံးပြုနိုင်မှု” အသိပညာပေးဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းမှ ထုတ်လုပ်သည့် သံ၊ သံမဏိများနှင့်ပတ်သက်၍ စံချိန်စံညွှန်းသုံးခုကို မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများအဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် သံမဏိများကို တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် နှစ်စဉ်သုံးစွဲလျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်လာနိုင်သည့် သံ၊ သံမဏိများနှင့် ပြည်ပမှ တင်သွင်းလာသည့် သံ၊ သံမဏိများကို အရည်အသွေး၊ စံချိန်စံညွှန်းထိန်းသိမ်းနိုင်ရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ပြည်တွင်းမှ သံနှင့် သံမဏိများကို တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် နှစ်သိန်းကျော်သာ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှ တန်ချိန်ရှစ်သိန်းခန့် တင်သွင်းနေရကြောင်း သိရသည်။
ထို့နောက် သံနှင့် သံမဏိစံချိန်စံညွှန်းဆိုင်ရာအသိပညာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့် အသုံးပြုနိုင်မှု” ၊ ပိုမို စိတ်ချရသော သံမဏိဆီသို့ ဦးတည်နိုင်မည့် လမ်းကြောင်းများ၊ ငလျင်ဒဏ်ခံနိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်စေရန် ပြည်တွင်းစက်ရုံများအား အဆင့်မြှင့်တင်ခြင်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ “ဥပဒေအရ သံချောင်းများ အရည်အသွေးပြည့်ဝစွာထုတ်လုပ်ရေး” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ “သံကူကွန်ကရစ်အတွက် အစင်းပါကာဗွန်သံမဏိချောင်းနှင့် ဗြောင်ကာဗွန်သံမဏိချောင်းများ၏ မြန်မာစံချိန်စံညွှန်း (MM ASTM A615/ A615M – 18) အတွက် အသေးစိတ်စံနှုန်းများဆိုင်ရာ စံချိန်စံညွှန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အစရှိသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။