မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ရေပိုလွှဲမှ ၂ပေခွဲခန့် ရေကျော်နေသဖြင့် တမံအတွင်း (၂၄) နာရီရေကင်းများချထားကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စလင်းရေလှောင်တမံအား ယနေ့အောက်တိုဘာ (၁) ရက်နံနက် (၆) နာရီက တိုင်းထွာခဲ့ရာ တမံရေပြည့်အမှတ်(၇၆၀)ပေတွင် ပင်မရေပိုလွှဲမှ ၂ပေခွဲ ရေကျော်ကျလျက်ရှိခြင်းဖြစ်ကာ စိုးရိမ်ရသည့်အခြေအနေတွင်မရှိကြောင်း သိရသည်။
စလင်းရေလှောင်တမံ ရေပိုလွှဲမှ စက်တင်ဘာ (၂၉) ရက်ကရေကျော်ခဲ့သဖြင့် ဒေသခံများ သိရှိနိုင်ရန် အရေးပေါ်အခြေ အနေကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ကာ တမံရေပိုလွှဲ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများ၊တမံအတွင်းရှိ နေအိမ်များနှင့် တမံအောက်ဖက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံများစိုက်ထူ၍ နှိုးဆော်အသိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စလင်း ရေလှောင်တမံမှ စက်တင်ဘာ (၂၈) ရက်နံနက်ပိုင်းက မိုးရေချိန် ၃ ဒသမ ၂၈ လက်မ အထိ မိုးရွားသွန်းခဲ့သည့်အတွက် နံနက် (၆)နာရီတွင် တမံရေပြည့်အမှတ် (၇၆၀ ဒသမ ၀၀)ပေမှ (၇၆၃ ဒသမ ၅)ပေသို့ ရောက်ရှိခဲ့ပြီး ယနေ့အောက်တိုဘာ (၁) ရက် နံနက်ပိုင်းတွင် (၁) ပေခန့်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တမံအတွင်း (၂၄) နာရီ ရေကင်းတာဝန်များချထားကာ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

