စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောသည်။
ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့စဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို COVID -19 ကမ္ဘာ့ကပ်ရောဂါအခြေအနေများကြောင့် ကျင်းပခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြိုနယ်များမှ ကျောင်းသား ကျောင်းသူများ၏ လျှောက်ထားချက်များအတိုင်း မြစ်ကြီးနားတက္ကသိုလ်သို့ ဝင်ခွင့်ပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း အဆိုပါပုံစံအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုနောက် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြစ်ကြီးနားတက္ကသိုလ်သို ဝင်ခွင့်ရသူများအနက် ဟုမ္မလင်းဒီဂရီကောလိပ်သို့ ပြောင်းရွှေ့လျှောက်ထားခဲ့သူ ၂၆ ဦးကို ဟုမ္မလင်းဒီဂရီကောလိပ်သို ပြန်လည်ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ဟုမ္မလင်းဒီဂရီကောလိပ်တွင် အထူးပြုဘာသာရပ် ၁၀ ခု သင်ကြားပိုချပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၈ ဦးရှိပါကြောင်း၊ ဆရာ ဆရာမ စုစုပေါင်း ၇၆ ဦးရှိပြီး သင်ကြားဆရာအင်အား လုံလောက်မှုရှိကြောင်း သိရသည်။
ထိုကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး က ဖြေကြားခဲ့ကြောင်း သိရသည်။
