Home News Local News စစ်ကိုင်းတိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧက ၂၄.၆ သိန်းကျော် လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧက ၂၄.၆ သိန်းကျော် လျာထားစိုက်ပျိုးမည်

0
71

မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးမှုတိုးချဲ့မည်ဖြစ်ပြီး ဆီထွက်သီးနှံဈေးနှုန်းများလည်း မြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့နှင့် အခြားဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးဧကစုစုပေါင်း ၂၄ ဒသမ ၆ သိန်းကျော် စိုက်ပျိုးရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လျာထားချက်တွင် မိုးရာသီစိုက်ပျိုးဧက ၈ ဒသမ ၅ သိန်းကျော်၊ ဆောင်းရာသီစိုက်ပျိုးဧက ၁၅ ဒသမ ၂ သိန်းကျော်နှင့် နွေရာသီစိုက်ပျိုးဧက ၀ ဒသမ ၉ သိန်းကျော် ပါဝင်ကြောင်း သိရသည်။

ဆီထွက်သီးနှံအလိုက် လျာထားစိုက်ပျိုးမှုများတွင် မိုးမြေပဲစိုက်ပျိုးဧက ၃ ဒသမ ၇ သိန်းကျော်၊ ဆောင်းမြေပဲစိုက်ပျိုးဧက ၅ ဒသမ ၂ သိန်းကျော်ဖြင့် စုစုပေါင်း ၈ ဒသမ ၉ သိန်းကျော် လျာထားထားပြီး၊ မိုးနှမ်းစိုက်ပျိုးဧက ၄ ဒသမ ၃ သိန်းကျော်၊ ဆောင်းနှမ်းစိုက်ပျိုးဧက ၅ ဒသမ ၅ သိန်းကျော်နှင့် နွေနှမ်းစိုက်ပျိုးဧက ၀ ဒသမ ၉ သိန်းကျော်ဖြင့် စုစုပေါင်း ၁၀ ဒသမ ၈ သိန်းကျော် စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

ထို့ပြင် မိုးနေကြာစိုက်ပျိုးဧက ၀ ဒသမ ၄ သိန်းကျော်၊ ဆောင်းနေကြာစိုက်ပျိုးဧက ၃ ဒသမ ၃ သိန်းကျော်ဖြင့် စုစုပေါင်း ၃ ဒသမ ၈ သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး မုန့်ညှင်းစေ့စိုက်ပျိုးဧက ၀ ဒသမ ၃ သိန်းကျော်နှင့် အခြားဆီထွက်သီးနှံ စိုက်ပျိုးဧက ၀ ဒသမ ၇ သိန်းကျော် လျာထားကြောင်း သိရသည်။

တစ်ဖက်တွင် မုံရွာမြို့၌ မေလ ဒုတိယပတ်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပြီး မြေပဲဆီ တစ်ပိဿာ ၁၉,၅၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၁,၆၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၂,၀၀၀ မှ ၁၂,၃၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၁,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရသည်။

ထို့အပြင် နှမ်းဆီ တစ်ပိဿာ ၁၅,၅၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀,၀၀၀ မှ ၂၀၀,၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀,၀၀၀ ကျပ်၊ ဆီနေကြာစေ့ တစ်ပိဿာ ၈,၀၅၀ ကျပ်နှင့် နေကြာဆီ တစ်ပိဿာ ၁၅,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် ပဲဖတ်(နယ်) တစ်ပိဿာ ၇,၉၀၀ ကျပ်၊ ပဲဖတ်(ဆုံခွေ) တစ်ပိဿာ ၇,၅၀၀ ကျပ်၊ နှမ်းဖတ်(နယ်) တစ်ပိဿာ ၅,၄၂၅ ကျပ်နှင့် နေကြာဖတ် တစ်ပိဿာ ၄,၀၀၀ ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here