ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ကမ်းရင်းတာ(တာဟောင်း)အား ရေ တိုက်စားပြိုကျမှုမှကာကွယ်နိုင်ရန် တာခြေထောက်ခြင်းအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်း၊ ကမ်းရင်းတာ (တာဟောင်း) (၁၂၀)ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်းများ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်းလုပ်ငန်းများကို စက်ယန္တယားများရောက်ရှိပါကဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်ကကြည့်ရှုစစ်ဆေးပြီး ရေစီး ကြောင်းအရှိန်လျော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ် ဆို့ဟန့်တားရန် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သော သဲနှင့် ကျောက်များကိုရနိုင်သည့် အနီးဆုံးနေရာများမှ သယ် ယူဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
