မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main Structure ထိခိုက်မှုများမတွေ့ရှိရဘဲကြံ့ခိုင်မှု့ကောင်းမွန်ကြောင်း သိရသည်။
ထို့ပြင် စျေးဆိုင်ခန်းပိုင်ရှင်များအား သန့်ရှင်းရေးနှင့် စျေးဆိုင်ခန်းများတည်ခင်းပြုပြင်ရန် ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိအား နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ရုံအတွင်းပိုင်းကြံ့ခိုင်မှု့စစ်ဆေးခြင်းနှင့် ရုံဝင်လမ်းထွက်လမ်း ရှင်းလင်းခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လာမည့် ဧပြီ ၂၄ ရက်မှစတင်၍ အဆင့်မြင့်စျေးချိုတော်စျေးရုံကြီးအား စျေးဖွင့်ရက်များအတိုင်း ပုံမှန်ပြန်လည်ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ရာ အန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေးသည့်အနေဖြင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရန် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့က မေတ္တာရပ်ခံထားသည်။
Photo-စျေးအကျိုးတော်ဆောင်အဖွဲ့