ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE Summer Camp-2025)သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်တက်ရောက်ခွင့်ရရှိခဲ့သည်။
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့(Fukuoka)အခြေစိုက် အာရှ – ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း(Asian-Pacific Children’s Convention-APCC )မှဦးစီး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲသို့တတ်ရောက်ရန် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း(MJA)မှဦးစီး၍အခြေခံပညာကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်အောင်ဘုန်းမြတ်သာ၊ မောင်ကြည်စိုးဟန်၊ မောင်ဘုန်းမော်ကွန်း၊ မခိုင်ဝတ်ရည်မင်း၊ မကြည်ဖြူချမ်းလင်းနှင့် မဖြိုးမွန်မွန်မြင့်တို့အား ရွေးချယ်ဖွဲ့စည်း လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ Junior Ambassador ခြောက်ဦးအား မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း၏ အထွေထွေ အတွင်းရေးမှူးမှ အုပ်ချုပ်သူအဖြစ် ဦးစီးလိုက်ပါ၍ ဇူလိုင်လ ဒုတိယပတ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့သွားရောက်မည်ဖြစ်ပြီး ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြားအာရှ-ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador ၁၉၀ ဦးနှင့်အတူ စခန်းဝင်တွေ့ဆုံနေထိုင်ခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းများသို့ အတူသွားရောက်လေ့လာတက်ရောက်ခြင်းနှင့် ဂျပန်ကျောင်းသား၊ ကျောင်းသူများ၏ နေအိမ်တွင် Home Stay နေထိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ အာရှ-ပစိဖိတ် ၄၂ နိုင်ငံအနက် နိုင်ငံအများစုမှာ ကျောင်းသား၊ ကျောင်းသူလေးဦးစီသာ ခွင့်ပြုပါဝင်ခွင့်ရရှိပြီး မြန်မာနိုင်ငံအပါအဝင် ၁၁ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူခြောက်ဦးစီ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။