ဂါဇာကမ်းမြောင်တစ်ခုလုံးကို သိမ်းပိုက်၍ အချိန်သတ်မှတ်ချက်မပါဘဲ သူ၏ပိုင်နက်အတွင်း ထားရှိမည့် အစီအစဉ်ကို တနင်္လာနေ့တွင် အစ္စရေးအစိုးရက အတည်ပြုလိုက်သည်ဟု အစ္စရေးအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။ ယင်းအစီအစဉ်ကို အကောက်အထည်ဖော်လျှင် ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေး၏ စစ်ဆင်ရေးကို ကျယ်ပြန့်အောင် ချဲ့ထွင်ရမည်ဖြစ်ပြီ နိုင်ငံတကာက ဆန့်ကျင်လာနိုင်သည်။
“စစ်ဆင်ရေးမှာ ဂါဇာကမ်းမြောင်က လူအများစုကို နေရာရွှေ့ပြောင်းတာ အပါအဝင် ကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး လည်းပါဝင်ပါမယ်။ ဒါက သူတို့ကို ဟားမတ်စ်နဲ့ဝေးတဲ့ လုံခြုံရာအရပ်မှာ သူတို့ကို ကာကွယ်ဖို့ပါ” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒက်ဖရင်က ပြောကြားခဲ့သည်။
အရန်စစ်သည်ထောင်ပေါင်းများစွာကို စစ်တပ်က ခေါ်ယူထားကြောင်း အစ္စရေးကြည်းတပ် အကြီးအကဲက ပြောကြားပြီး နာရီပိုင်းအကြာ တနင်္လာနေ့နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝန်ကြီးများက အဆိုပါ အစီအစဉ်ကို မဲပေးအတည်ပြုခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းသု-တ်သင်ရေးနှင့် ဓါးစာခံများ လွတ်မြောက်ရေး အစ္စရေး၏ စစ်ပွဲရည်မှန်းချက်များအောင်မြင်ရန် အထောက်အကူဖြစ်မည်ဟု အစိုးရအရာရှိများက ပြောသော အစီအစဉ်သစ်သည် ပါလက်စတိုင်းများကို သိန်းနှင့်ချီ၍ ဂါဇာတောင်ပိုင်းသို့ တွန်းပို့မည့် အလားအလာရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားသွားဖွယ်ရှိသည်။
အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲမှု ပြိုလဲသွားသည့် မတ်လအလယ်ပိုင်းကတည်းက အစ္စရေးသည် ကမ်းမြောင်ဒေသတွင် လူများကို ရာချီ ၍ ေ-သဆုံးစေခဲ့သော ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး ယခုအခါ ဂါဇာကမ်းမြောင်ဒေသ၏ ၅၀ ရာခိုင်နှုန်းခန့်ကို အစ္စရေးက ထိန်းချုပ်ထားသည်။
Ref: ဆော့ခ်ချိုင်းနားမောနင်းပို့စ်