ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။
အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်နှင့် ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးထားသည်။